တမူး မတ် ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် သရုပ်ပြ လေ့ကျင့်ခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းကို မတ်လ ၂ ရက်နေ့ နံနက် ၈ နာရီခွဲက မြို့မစည်ပင်သာယာဈေးအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် တမူးခရိုင် စီမံခန့်ခွဲရေးနှင့်နှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းကိုကိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များက ဈေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် မီးသတ်ရေစုကန်များ၊ မီးသတ်ရေငုတ်များ၊ အရန်မီးသတ်စက်များ ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များ၏ ဆီမီးလောင်မူအား ရေစိုအဝတ်၊ မီးသတ်ဆေးဘူးတို့ဖြင့်ငြိမ်းသတ်ခြင်းနှင့် မီးငြိမ်းသတ်ယာဥ်များ ဖြင့် မီးငြှိမ်းသတ်သရုပ်ပြလေ့ကျင့်ခြင်းတို့အား ကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ ခရိုင်နှင့်မြို့နယ်မီးသတ်စခန်းများရှိ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး ကယ်ဆယ်ရေးပစ္စည်းများ စုဆောင်းထားရှိမှုအခြေအနေများနှင့် မြို့ပေါ်ရပ်ကွက်များရှိ မီးငြိမ်းသတ်ရန် သိုလှောင်ထားရှိသည့် ရေကန်များ၊ ရေငုတ်များ စနစ်တကျဖြစ်စေရေး စစ်ဆေးဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရတနာ