မအူပင် မတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ တပေါင်းလပြည့်နေ့အခါသမယနှင့် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထုနှလုံး စိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်က မအူပင်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံသူ (၁၀၈)ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၄၀၁၊ ပုဒ်မခွဲ (၁)အရ စည်းကမ်းသတ်မှတ်ချက်ဖြင့် လွတ်ငြိမ်းခွင့်ပြုခဲ့သည်။
မအူပင်အကျဉ်းထောင်မှ လွတ်ငြိမ်းခွင့်ရရှိသော အကျဉ်းသား (၉၅) ဦး၊ အကျဉ်းသူ (၁၃)ဦး၊ စုစုပေါင်း (၁၀၈)ဦးအား မအူပင်မြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ခင်မောင်ညွန့်နှင့် တာဝန်ရှိသူများက ဆုံးမဩဝါဒစကားများ ပြောကြားသည်။ ယင်းနောက် အကျဉ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးကျော်သူက ခရီးစရိတ်နှင့် စားစရိတ်များ ပေးအပ်ခဲ့ပြီး လွတ်ငြိမ်းခွင့်ပြုလုပ်ပေးခဲ့ရာ မိသားစုဝင်များက ဝမ်းမြောက်၊ ဝမ်းသာစွာဖြင့် လာရောက်ကြိုဆိုခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)