အုတ်ဖို မတ် ၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် သစ်တောဦးစီးဌာနမှ ဒီးဒူးပင်ကျေးရွာဓမ္မာရုံ၌ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က သစ်တောထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။
ရှေ့ဦးစွာ အုတ်ဖိုမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးငွေစိုးက သစ်တောထွက်သယံဇာတပစ္စည်းများအားထိန်းသိမ်းရန်၊ သစ်တော၊ သစ်ပင်များ စိုက်ပျိုးပြုစုထိန်းသိမ်းစောင့်ရှောက်ရေး၊ သစ်ပင်စိုက်ပျိုးခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများ၊ တောင်ယာခုတ်ထွင်မီးရှို့မှုများမပြုလုပ်ရေး အကြောင်းအရာများ၊ ရေသယံဇာတထိန်းသိမ်းရေးအကြောင်းအရာများ၊ ရေချွေတာသုံးစွဲရေးအကြောင်းအရာများကို အသိပညာပေးဟောပြောပြီး တောအုပ်ကြီးဦးစောမောင်ထွန်းက မီးခိုးမြူငွေ့ဖြစ်ပေါ်လာပုံ၊ လေထုညစ်ညမ်းမှုဖြစ်ပေါ်စေသော အကြောင်းအရာများ ပျက်စီးဆုံးရှုံးမှုကိုကာကွယ်ရန် နည်းလမ်းများအကြောင်း ဟောပြောခဲ့သည်။
ထို့နောက် ဟောပြောပွဲသို့တက်ရောက်လာသည့် ဒေသခံပြည်သူများက သိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီး ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်
အောင်သူ(အုတ်ဖို)