ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဘားအံမြို့ ကျက်သရေဆောင်ကြာအင်းတောင် ပဥ္စမမြောက် “ဗူး” ဘုရားစေတီတော်မြတ် ရွှေထီးတော်တင်လှူပူဇော်

ဘားအံ မတ် ၁

ကရင်ပြည်နယ်၏ ခရီးစဉ်ဒေသတစ်ခုဖြစ်သော ဘားအံမြို့ကျက်သရေဆောင် ကြာအင်းတောင်တော်မြတ်တွင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနစရိယဘွဲ့တံဆိပ်တော်ရ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် သီရိပျံချီဒေါက်တာ ဘဒ္ဒန္တပညာသာမိ(တောမှီရဟန်း)အရှင်မြတ်အား ဦးထိပ်ထား၍ ပဥ္စမမြောက် “ဗူး”ဘုရားစေတီတော်မြတ်ကြီးအား အထက်ဌာပနာတော်သွင်း၊ ရွှေထီးတော်တင်၊ ဗုဒ္ဓါဘိသေကအနေကဇာတင်၊ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဓမ္မသဘင်မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈နာရီက အဆိုပါစေတီတော်မြတ်ကြီး၏ ပရိဝုဏ်၌ ဆင်ယင်ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ အလှူရှင်မိသားစုနှင့် စေတနာရှင်အလှူရှင်များက ဆရာတော်အရှင်သူမြတ်ထံသို့ ဌာပနာတော်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ အမွှေးနံသာရည်များ ပက်ဖျန်းပေးကြပြီး ဆရာတော်ကြီးတစ်ပါးက နတ်ပင့်ဂါထာတော်ဖြင့် နတ်၊ ဗြဟ္မာများအားဖိတ်ကြား၍ ဆရာတော်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒါယကာများက ဌာပနာတိုက်အတွင်းသို့ ဌာပနာတော်သွင်းလှူပူဇော်ကြကာ ပရိတ်နံ့သာရညည်များ ပက်ဖျန်းပူဇော်ကြပြီး ဌာပနာတိုက်ပိတ်ချိန်တွင် ဇယန္တောဗောဓိယမူလေ အစချီသောအောင်ဂါထာကို သုံးခေါက်ရွတ်ဖတ်ပူဇော်ကြသည်။

ထို့နောက် ဒါန၊ သီလ၊ ဘာဝနာကုသိုလ်ဆည်းပူးခြင်းအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ဧည့်ပရိတ်သတ်အပေါင်းတို့က နိုင်ငံတော်ဩဝါဒါစရိယ နောင်လုံဌာန်ပတိုင်ကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တဝိဇ္ဇာနန္ဒထံမှ ကိုးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်ကြီးများ ရွတ်ဖတ်သရဇ္ဈာယ်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညို၍ အလှူရှင်မိသားစုက စိန်ဖူးတော် အစရှိသော ဘုံအဆင့်ဆင့်တို့ကို သံဃာတော်အရှင်သူမြတ်တို့အား ဆက်ကပ်ကြသည်။

ယင်းနောက် စေတီတော်တည်ထားရာတွင်လည်းကောင်း၊ ရွှေထီးတော်တင်လှူပူဇော်ရာတွင်လည်းကောင်း မှားယွင်းခြင်း၊ လစ်ဟာခြင်း၊ မပြည့်စုံချင်းများရှိခဲ့ပါက တောင်းပန်လွှာကို အခမ်းအနားမှူးက ဖတ်ကြားတောင်းပန်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် အလှူရှင်မိသားစုတို့က သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြကာ နောင်လုံဌာန်ပတိုင်ကျောင်းဆရာတော်ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ထို့နောက် ရွှေထီးတော်တင်လှူပူဇော်သည့်အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဘုရားဒါယိကာများက စိန်ဖူးတော်နှင့် စိန်ဖူးတော်ဘုံအဆင့်များဖြင့် စေတီတော်အား လက်ယာရစ်(၃)ပတ်လှည့်လည်ပူဇော်၍ မင်္ဂလာအချိန်တွင် ရွှေထီးတော်ဘုံအဆင့်ဆင့်တို့ကို သတ်မှတ်ချိန်အသီးသီးတွင် လက်ဆင့်ကမ်းတင်လှူပူဇော်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က စိန်ဖူးတော်အထွဋ်ကို တင်လှူပူဇော်၍ အမွှေးနံသာရည်များ ပက်ဖျန်းပေးကြကာ စိတံမေအောင်ပြီ(၃)ကြိမ်ရွတ်ဆိုကြွေးကြော်၍ ရတနာရွှေမိုး ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)