လွိုင်ကော် မတ် ၁
ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့အတွင်း ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ လမ်းများ သန့်ရှင်းသပ်ရပ်စေရေးနှင့် ကန်နှင့် ကန်ပတ်ဝန်းကျင် တစ်လျှောက် ပြည်သူများ အနားယူအပန်းဖြေနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ပေါ် ရပ်ကွက်များတွင် ရေစီးရေလာကောင်းမွန်ရေးအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်း (ဖြည့်စွက်) ရန်ပုံငွေဖြင့်ဆောင်ရွက်နေသည့် မင်းစုရပ်ကွက် ဆေးရုံကြီးဘေးလမ်း (၁) တစ်လျှောက် ကွန်ကရစ်ကျောက်စီရေနုတ်မြောင်း (၂) ဖက် အရှည် ၆၀၀ မီတာ အပြီးသတ် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းအား သတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ကာလအမီ ဆောင်ရွက်ပြီးစီးရေး၊ ရေနုတ်မြောင်းအား ရေစီးရေလာ ကောင်းမွန်စေရေးနှင့် လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက လမ်းနှင့် လမ်းပုခုံးများအား သန့်ရှင်းသပ်ရပ်စွာ ရှင်းလင်းဆောင်ရွက်ရန် မှာကြားခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အထွေထွေပိုလျှံရန်ပုံငွေဖြင့် မြေသားလမ်းမှ ကတ္တရာလမ်းသို့ အဆင့်မြှင့်တင်ဆောင်ရွက်သည့် မင်းစုရပ်ကွက်အတွင်းရှိ စောလဖော်လမ်း အရှည် ၄၅၅ ပေ ဖောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မင်းကျောင်းကန်သာ ကန်အမှတ် (၄) နှင့် (၅) ပတ်ဝန်းကျင် တစ်လျှောက်ကြည့်ရှုစစ်ဆေးပြီး ပြည်သူများ စိတ်အေးချမ်းသာစွာ အပန်းဖြေနိုင်ရေးအတွက် ကန်သန့်ရှင်းသာယာလှပရေး စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်၊ ကန်ပတ်ဝန်းကျင်ရှိ သစ်ပင်ပန်းမန်များ စိမ်းလန်းစိုပြည်ရေးနှင့် အမှိုက်သရိုက်များကင်းရှင်းစေရေး ဆောင်ရွက်ရန်နှင့် မြို့အား Green City ၊ Clean City ၊ Smart City အဖြစ် ပုံဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အခြေခံစာတတ်မြောက်ရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် လွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများ၌ တိုင်းရင်းသားပြည်သူများ စာသင်ကြားနေမှုကို ယမန်နေ့ မွန်းလွဲပိုင်းက လိုက်လံကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စာတတ်မြောက်ရေးစာသင်ဝိုင်းများ ဆောင်ရွက်လျက်ရှိသည့် ထေးသမရပ်ကွက်ရှိ ဓမ္မာရုံနှင့် နမ့်ကွတ်ရပ်ကွက်ရှိ အ.ထ.က(ခွဲ) နမ့်ကွတ်သို့ ရောက်ရှိပြီး အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများ၌ သင်ကြားမှု၊ သင်ယူမှုများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နည်းပြများအနေဖြင့် စာသင်သားများ၏ ဘဝများကို ပညာအလင်းရောင်ဖြင့် ထွန်းလင်းနိုင်အောင် စေတနာအပြည့်ဖြင့် သင်ကြားပေးရန်၊ စာသင်သားများအနေနှင့် သင်တန်းကာလပြီးစီးသည့်အခါတွင်လည်း စဉ်ဆက်မပြတ် ဆက်လက် လေ့လာသင်ယူသွားကြရန် မှာကြားခဲ့ပြီး စာသင်သားများ၊ သင်ကြားရေး ဆရာဆရာမများနှင့် အုပ်ချုပ်ကြီးကြပ်သူများကို အာဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)