သဲကုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ​နွေစပါး (၁၇၅၇၀) ဧကစိုက်ပျိုးရန် လျာထား

သဲကုန်း မတ် 

ပဲခူးတိုင်း​ဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ -၂၀၂၆ ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် စပါးမျိုးကောင်း၊ မျိုးသန့်တိုးပွားစေရန်၊ ဒေသအတွင်း စားနပ်ရိက္ခာဖူလုံစေရန်နှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်၍ ယခုနှစ်တွင် နွေစပါးစိုက်ဧက (၁၇၅၇၀)ဧက စိုက်ပျိုးသွားရန် လျာထားကြောင်း သိရသည်။

သဲကုန်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် စပါးစိုက်ဧကများအား ကြဲခင်းများစိုက်ပျိုးခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်း၊ မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့် စနစ်တကျစိုက်ပျိုးခြင်းနည်းများဖြင့်လည်းကောင်း၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေရရှိရေးအတွက် ဆောင်ရွက်ရာတွင် တမံပိတ်စနစ်၊ ဆည်ရေသောက်စနစ်၊ ဆိုလာရေတင်စစနစ်၊ ချောင်းပိတ်စနစ်နှင့် စပါးစိုက်ဧကများတွင် ငါးမွေးမြူရေးစနစ်များဖြင့် စိုက်ပျိုးလျက်ရှိပြီး ယမန်နေ့အထိ စိုက်ဧကပေါင်း (၇၇၃၂)ဧက စိုက်ပျိုးပြီးပြီးဖြစ်ရာ တောင်သူမျာအနေဖြင့် ရတနာတိုး၊ ဗီယက်နမ်၊ ရက်-၉၀၊ YSR(1)၊ မနောသုခ၊ ထိုင်းနှံကောက်၊ ရေဆင်းပေါ်ဆန်း စပါးမျိုးများအား အများဆုံးစိုက်ပျိုးထားကြောင်း သိရသည်။

သဲကုန်းမြို့နယ် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများမှအနေဖြင့် နွေစပါးပန်းတိုင်အထွက်နှုန်း တိုးတက်မြင့်မားစေရန် တောင်သူများအား စိုက်ပျိုးရေးနည်းပညာများကို ပံ့ပိုးကူညီပေးခြင်း၊ မြေဩဇာများ​ကို တောင်သူများလက်ဝယ်သို့ ဖြန့်ဖြူး‌ပေး​​ခြင်း၊ လယ်ယာကဏ္ဍ သီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်မားတိုးတက်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ကိုကျော်(သဲကုန်း)