ဟုမ္မလင်းမြို့နယ်၌၂၀၂၆ ခုနှစ် မတ်လ(၂)ရက်နေ့တွင် ကျရောက်မည့် (၆၄) ကြိမ်မြောက် တောင်သူလယ်သမားနေ့ကို​ ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆောင်း​​မြေပဲ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ရွက်ဖျန်းမြေသြဇာအသုံးစွဲခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနား ကျင်းပ

ဟုမ္မလင်း မတ် ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ မတ်လ(၂)ရက်နေ့တွင် ကရောက်မည့် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟုမ္မလင်းမြို့နယ်တွင် ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကွင်းအမှတ်(၆) နားသဲ၊ ပါမလုံကျေးရွာရှိ တောင်သူဦးဘငွေ၏ မိုးစပါးအပြီး ဆောင်းမြေပဲသီးထပ်စိုက်ခင်းတွင် မြေပဲအထွက်နှုန်းတိုးတက်ရေးအတွက် ယမန်နေ့ နံနက်ပိုင်း(၉)အချိန်တွင် ရွက်ဖျန်းမြေသြဇာအသုံးစွဲခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားကျင်းပ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာအခမ်းအနားကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီးဌာနခရိုင်ကိုယ်စားပြု၊ ခရိုင်ရုံးကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းလှိုင်မှ အမှာစကား​ပြောကြားခဲ့ပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်စုစုထွေးက ​မြေပဲအထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းများ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဒု/လထဦးစီးမှူး ဒေါ်နန်းရတနာဦးက မြေပဲအထွက်နှုန်းတိုးတက်ရေးအတွက် အပင်များပြုစုစောင့်ရှောက်ရမည့်အကြောင်းကိုလည်းကောင်း၊ ဒု/လထဦးစီးမှူး ​ဒေါ်သဲဆန်းရှီးက ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းနည်းနှင့် ရွက်ဖျန်းမြေသြဇာအသုံးစွဲနည်းများပတ်သက်၍ အသိပညာပေးဆွေးနွေးကာ လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုကွင်းသရုပ်ပြပွဲသို့ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆက်စပ်ဌာနများနှင့် နားသဲကျေးရွာမှ မြေပဲစိုက်တောင်သူ စုစုပေါင်း (၆၅)ဦးတက်ရောက်ခဲ့ကြသည်။ ထိုသို့တက်ရောက်လာသော တောင်သူများအား ဌာနဆိုင်ရာတာဝန်ရှိသူများက ရွက်ဖျန်းမြေသြဇာများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး အသိပညာပေးမြေပဲသီးနှံ စိုက်ပျိုးနည်းပညာ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဟုမ္မလင်း( ပြန်/ဆက်)