မြဝတီ မတ် ၁
ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၄)ရပ်ကွက်၊ မြန်မာ-ထိုင်းချစ်ကြည်ရေးအမှတ်(၂) တံတားလမ်းရှိ မြို့တော်ခန်းမတွင် ယမန်နေ့ နံနက်(၉)နာရီအချိန်၌ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူးကျင်းပသည့် မြေယာအသုံးချမှုနှင့်ပတ်သက်၍ အသိပညာပေးအခမ်းအနားကိုကျင်းပခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်(၂) ဦးစိန်သောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးဇော်မော်အောင်၊ ခရိုင်ဥပဒေအရာရှိ ဦးဝင်းရီ၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးသောင်းထွဋ်၊ ခရိုင်သစ်တော ဦးစီးမှူးဦး အောင်စိုးတင့်၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ထွေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အ မှုဆောင်အရာရှိ၊ ဒုတိယညွှန်ကြားရေးမှူးဦးကျော်ကျော်ဦးနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်/ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြဝတီမြို့ အိမ်ခြံမြေအကျိုးတော်ဆောင်အသင်းမှတာဝန်ရှိသူများ၊ မြို့နယ်/ကျေးရွာများရှိ တောင်သူများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်က မြဝတီမြို့ မြေအသုံးချမှုအခြေအနေနှင့်စပ်လျဥ်း၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး ခရိုင်ဥပဒေအရာရှိ ဦးဝင်းရီက မြေယာဆိုင်ရာ ဥပဒေ/နည်းဥပဒေများ၊ ပြစ်မှု ပြစ်ဒဏ်များ၊ အရောင်းအဝယ်မှားယွင်းမှုအပေါ်ဖြစ်ပေါ်လာမည့် ဥပဒေချိုးဖောက်မှုနှင့်ပြည်သူများ၏ ဆုံးရှုံးနစ်နာမှုများနှင့်စပ်လျဥ်းသည့် အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး မြို့နယ်မြေစာရင်းဦးစီးမှူး ဦးသောင်းထွဋ်က လယ်ယာမြေဥပဒေ၊ နည်းဥပဒေ ကောက်နှုတ်ချက်များနှင့် လယ်ယာမြေများကို ခွင့်ပြုချက်မရှိဘဲ အခြားနည်းလမ်းဖြင့် အသုံးပြုခြင်းများကိုဖြေရှင်းခြင်းဆိုင်ရာများ၊ ထပ်မံမဖြစ်ပွားစေရေးအတွက် ထိန်းချုပ်နိုင်ရန်ဆောင်ရွက်မည့် စံပြုလုပ်ထုံးလုပ်နည်းများကိုလည်းကောင်း၊ ခရိုင်သစ်တောဦးစီးမှူး ဦးအောင်စိုးတင့်က သစ်တောဦးစီးဌာနမှ ကိုင်တွယ်ကျင့်သုံးလျက်ရှိသောဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ ပြည်တွင်းအခွန်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ထွေးက မြေနှင့်အဆောက်အဦများအပေါ် အခွန်ပေးဆောင်ခြင်းဆိုင်ရာအကြောင်းအရာများကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေး ခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရ သည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)