နွေစပါးစိုက်ပျိုး တောင်သူများအား ပသိရေလှောင်တမံမှ စိုက်ပျိုးရေများ စတင်ဖြန့်ဝေ

တောင်ငူ မတ် ၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ နွေစပါးအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် ဒီဇင်ဘာလ (၁၉) ရက်နေ့မှစတင်ပြီး တောင်ငူမြို့နယ် ပသိရေလှောင်တမံမှ စိုက်ပျိုးရေများ စတင်ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိကြောင်း တောင်ငူခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။

တောင်ငူမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးအနေဖြင့် နွေစပါးအချိန်မီစိုက်ပျိုးနိုင်ရန်နှင့် စိုက်ပျိုးရေဖူလုံစေရေးအတွက် နှစ်စဥ်ပသိရေလှောင်တမံမှ ဆည်ရေများကို ရေလွှဲဆည်၊ တူးမြောင်းမကြီးနှင့် လက်တံမြောင်းတို့မှ တစ်ဆင့်ဖြန့်ဝေဆောင်ရွက်ပေးရာ တောင်သူများစိုက်ပျိုးရေလုံလောက်စွာရရှိသဖြင့် နွေစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ အဆင်ပြေလျက်ရှိကြောင်းသိရသည်။

ယခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် ပသိရေလှောင်တမံမှဆည်ရေဖြင့် တောင်ငူမြို့နယ် နွေစပါး(၁၅၁၁)ဧကလျာထားစိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဇော်ကိုကို (တောင်ငူ)