ပုသိမ် မတ် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ အမှတ်(၄)ရပ်ကွက်ရှိ ရွှေပြည်သာဈေးနှင့် မြို့မဈေးတို့တွင် ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှဦးဆောင်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ပူပြင်းခြောက်သွေ့သော နွေရာသီသို့ရောက်ရှိလာသဖြင့် ပုသိမ်မြို့ပေါ်ရှိ ရပ်ကွက်နေပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးအောင်ဆွေဝင်း ဦးဆောင်၍ ခရိုင်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်းကာ ရွှေပြည်သာဈေးနှင့် မြို့မဈေးများသို့သွားရောက်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်ရာသို့ ရွှေပြည်သာဈေးနှင့် မြို့မဈေးတို့မှ ဈေးသူဈေးသာစုစုပေါင်း(၂၅၀)ဦး တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ကန်ကြီးထောင့်မြို့နယ်၊ သာပေါင်းမြို့နယ်၊ ရေကြည်မြို့နယ်နှင့် အခြားမြို့နယ်များတွင်လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။
ခရိုင်(ပြန်/ဆက်)