လွိုင်ကော် ဖေဖော်ဝါရီ ၂၈
ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်၏ (၁၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွိုင်ကော်တက္ကသိုလ်မှ ပညာရေးအဖွဲ့နှင့် စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဘွဲ့ရကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြသည်။
ဘွဲ့နှင်းသဘင်အခမ်းအနားအား အစီအစဉ်များအတိုင်းကျင်းပရာ နိုင်ငံတော်သီချင်း တီးခတ်စဉ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက နိုင်ငံတော်အလံအား အလေးပြုကြသည်။ ထို့နောက် ပါမောက္ခချုပ်က ဘွဲ့များအပ်နှင်းရန်အတွက် ဤဘွဲ့နှင်းသဘင်ကို ကျင်းပကြောင်း ကြေညာပြီးနောက် ဘွဲ့ရမောင်မယ်များက စောင့်ထိန်းရမည့်ကျင့်ဝတ်များကို လိုက်နာကျင့်သုံးရန် ကတိဝန်ခံမှုပြုစေသည်။
ဆက်လက်၍ မဟာဝိဇ္ဇာဘွဲ့ရရှိသူ (၁)ဦး၊ မဟာသိပ္ပံဘွဲ့ရရှိသူ (၆)ဦး၊ သိပ္ပံဂုဏ်ထူးဘွဲ့ရရှိသူ (၃)ဦး၊ ၀ိဇ္ဇာဘွဲ့ရရှိသူ (၈)ဦး၊ သိပ္ပံဘွဲ့ရရှိသူ (၂၁)ဦး၊ အဝေးရောက်ဘွဲ့ယူရန် လျှောက်ထားကြသော မဟာသိပ္ပံဘွဲ့ရရှိသူ (၂)ဦး၊ ၀ိဇ္ဇာဂုဏ်ထူးဘွဲ့ရရှိသူ (၁)ဦး၊ သိပ္ပံဂုဏ်ထူးဘွဲ့ရရှိသူ (၂)ဦး၊ ၀ိဇ္ဇာဘွဲ့ရရှိသူ (၂)ဦး၊ သိပ္ပံဘွဲ့ရရှိသူ (၁၄)ဦး စုစုပေါင်း(၆၀)ဦးတို့အား ဘွဲ့များချီးမြှင့်အပ်နှင်းကာ ဘွဲ့ရရှိသူများစာရင်းကို အတည်ပြုလက်မှတ်ရေးထိုးပေးခဲ့သည်။
ထို့နောက် ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားရာတွင် “ဘွဲ့ရမောင်မယ်များအနေဖြင့် သင်ကြားပို့ချလေ့ကျင့်ပေးလိုက်သည့် တန်ဖိုးမြင့် ပညာမျိုးစေ့ကောင်းများကို ဆက်လက်ရှင်သန်ဖွံ့ဖြိုးအောင် ဆောင်ရွက်လုပ်ကိုင်မှသာ အနာဂတ်၏ ခေါင်းဆောင်ကောင်းများဖြစ်လာပြီး အမိတက္ကသိုလ်ဂုဏ်ဆောင် ပညာတတ်ပညာရှင်များဖြစ်လာအောင် ကြိုးပမ်းအားထုတ်ရမည်ဖြစ်ကြောင်း၊ မိမိကိုယ်မိမိ ဆက်လက်ပျိုးထောင်သင်ကြားလေ့လာရင်း ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံထူးချွန်ထက်မြက်သော ဘွဲ့ရပညာတတ်များဖြစ်အောင် ကြိုးစားစေလိုကြောင်း၊ မိမိအကျိုး၊ မိသားစုအကျိုးနှင့် ရပ်ရွာအကျိုးကို အတ္တ၊ ပရမျှတစွာနှင့် ငြိမ်းချမ်းပျော်ရွှင်စွာ သယ်ပိုးနိုင်ပြီး မြန်မာ့လူ့ဘောင်အဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မှုကိုမြင့်မားအောင် စွမ်းဆောင်နိုင်သူများဖြစ်စေလိုကြောင်း” ပြောကြားကာ ဘွဲ့နှင်းသဘင်ကိုရုပ်သိမ်းကြောင်း ကြေညာပြီး အစီအစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဘွဲ့ရမောင်မယ်များ၏ မိဘဆွေမျိုးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားခဲ့ပြီး ဘွဲ့နှင်းသဘင်အခမ်းအနားတွင် တီးခတ်ဆောင်ရွက်ပေးသည့် စိန်ညွန့်ရီ(လွိုင်ကော်)ဆိုင်းအဖွဲ့အား ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့သည်။ လွိုင်ကော်ဒီဂရီကောလိပ်ကို လွိုင်ကော်တက္ကသိုလ်အဆင့်တိုးမြှင့်သည့် ၂၀၀၃ ခုနှစ်မှစ၍ ဘွဲ့နှင်းသဘင် (၁၇)ကြိမ် ကျင်းပနိုင်ခဲ့ပြီး အရည်အချင်းပြည့်စုံသည့် ဘွဲ့ရမောင်မယ် (၄၆၂၃)ဦးကို မွေးထုတ်ပေးနိုင်ခဲ့သည်။ မတ်လ ၁ ရက်နေ့တွင် ကျင်းပမည့် လွိုင်ကော်တက္ကသိုလ် (အဝေးသင်သင်တန်း) ဘွဲ့နှင်းသဘင်အခမ်းအနားတွင်လည်း ဘွဲ့ယူမောင်မယ် (၄၄၈)ဦးကို ဘွဲ့အသီးသီးပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရှိရသည်။
သုတ (ပြည်နယ် ပြန်/ဆက်)