ဘားအံ ဖေဖော်ဝါရီ ၂၈
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စက်မှုလယ်ယာဦးစီးဌာန ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေကျပ် ၁၂၉ ဒသမ ၃၀ သန်းဖြင့် ကော့စိန်ဘန် (အောက်)ကျေးရွာရှိ တောင်သူ ၄၀ ဦး၏ စိုက်ဧကများအား ဧက(၂၀၀) လယ်ယာမြေအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ၈၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဦးစီးမှူးဦးရဲမင်းထွဋ်နှင့် တာဝန်ရှိသူများက စက်ယန္တရားများအသုံးပြု၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများနှင့်တွေ့ဆုံ၍ လယ်ယာမြေအဆင့်မြှင့်တင်ခြင်းမှ ရရှိမည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး စားဝတ်နေရေးအဆင်ပြေစေရန်၊ စားရေရိက္ခာဖူလုံပိုလျှံစေရန် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်လုပ်ကိုင်ဆောင်ရွက်ကြစေလိုပြီး လိုအပ်သည့်ကူညီဖြည့်ဆည်းမှုများကို ပြည်နယ်အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အဆင့်မြှင့်တင်ဖော်ထုတ်ပြီးသည့် လယ်ယာမြေများကို တောင်သူများအား ပြန်လည်ဝေမျှပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး တောင်သူဆွေးနွေးတင်ပြသည့် ရေသွင်း၊ ရေနုတ်မြောင်းများ၊ ကုန်ထုတ်လမ်းများ၊ ကျေးရွာချင်းဆက်လမ်းများ ဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ လယ်ယာမြေအဆင့်မြှင့်တင်ခြင်းနှင့် ကုန်ထုတ်လမ်းဆောင်ရွက်ပေးနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ဘုရားကုန်းကျေးရွာတွင် စိုက်ဧက ၁၀၀ ကျော်ကို အကျိုးပြုနိုင်သော ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ အရှည်ပေ ၃၅၀၀ ရှိ ဘုရားကုန်းကျေးရွာလမ်း ဘေးမြောင်း ၁၀၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက မိုးစပါးအောင်ရေရရှိရေး၊ ဆောင်းသီးနှံနှင့်နွေသီးနှံများစိုက်ပျိုးနိုင်ရေး ဒေသတွင်းရေသွင်း/ရေနုတ်မြောင်းများ ဆောင်ရွက်ပေးနေမှုနှင့် ဆည်မြောင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ကမော့ကပိုမျိုးသန့်ခြံသို့ရောက်ရှိပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ကမော့ကပိုမျိုးသန့်ခြံ ခြံစည်းရိုးကာရံခြင်း ၆၆၁၄ ပေ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြား၍ ကမော့ကပိုမျိုးသန့်ခြံအတွင်းရှိ အလျား ၅၀ ပေ၊ အနံ ၃၀ ပေရှိ ဂိုဒေါင်တစ်လုံးတည်ဆောက်ခြင်းလုပ်ငန်း၊ အောင်မြင်ဖြစ်ထွန်းရင့်မှည့်နေသော နေကြာစံပြကွက် (၆)ဧကစိုက်ခင်း၊ ကြက်သွန်နီစမ်းသပ်စိုက်ခင်း၊ သက်ဆိုင်ရာဒေသအသီးသီးအတွက် သင့်တော်သော ငရုတ်မျိုးများရရှိရန်၊ ငရုတ်မျိုးများ၏ အရည်အချင်းနှင့် အထွက်နှုန်းလက္ခဏာများ လေ့လာနိုင်ရန် ငရုတ်စမ်းသပ်စိုက်ခင်းတို့ကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံတက္ကသိုလ် အင်ကြင်းဆောင်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကရင်ပြည်နယ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဘားအံတက္ကသိုလ် ဘာသာရပ်သင် ပါမောက္ခများက အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်များအား အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် ကျောင်းသား၊ ကျောင်းသူများအား သင်ကြားပို့ချပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေးကြပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကာ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများအတွက် အားဖြည့်အချိုရည်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း (ပြန်/ဆက်)