ထားဝယ် ဖေဖော်ဝါရီ ၂၈
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ထားဝယ်ဘိုးဘွားရိပ်သာဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ထားဝယ်ဘိုးဘွားရိပ်သာဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလှည့်လည်၍ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ကြီးဘိုးဘွားများနေထိုင်သည့် အဆောက်အဦအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရိပ်သာဝင်းအတွင်းနေထိုင်သည့် သက်ကြီးဘိုးဘွားများအား ရင်းနှီးနွေးထွေးစွာ လိုက်လံနှုတ်ဆက်ပြီးကျန်းမာရေးအခြေအနေများအားမေးမြန်းကာ တာဝန်ရှိသူများက ဘိုးဘွားများအားတစ်ဦးချင်း လှူဖွယ်ပစ္စည်းများ ပေးအပ်သည်။
ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ် က သက်ကြီးဘိုးဘွားများအတွက် ကျန်းမာရေးနှင့်ဘက်စုံ အသုံးပြုနိုင်ရန်အလှူငွေ ကျပ်သိန်း (၁၀၀)အားပေးအပ်ပြီး ဘိုးဘွားများက ဆုတောင်းမေတ္တာပို့သကာ အသက်(၉၇)နှစ် အဘွားဒေါ်စန်းရီ ၏ ကျန်းမာရေးအား ကြည့်ရှုမေးမြန်းပြီး လှူဖွယ်ပစ္စည်းများပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကြက်စားပြင်ရပ်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးနဘေး ဆိပ်ကမ်းသာလမ်းနှင့် ငါးလေလံဈေးအကြား မြေသားလမ်းဖောက်လုပ်ပြီးစီးနေမှုအခြေအနေနှင့် ဆိပ်ကမ်းသာဘောတံတားအား ကြည့်ရှုစစ်ဆေးပြီး တံတားဘေးမြေနေရာတွင် ခရီးသည်နားနေဆောင်ဆောက်လုပ်နိုင်ရေး ဒီဇိုင်းဆွဲတင်ပြရန်တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရွှေဝယ်ကမ်းသာရင်ပြင်ရှေ့ ညစျေးခင်းကျင်းရန်အတွက် စျေးဆိုင်ခန်းများ ခင်းကျင်းမည့်ကွန်ကရစ် (၇၀၀ ပေ× ၂၀ ပေ)ခင်း နေမှုနှင့်မီးတိုင်စိုက်ထူနေမှုများအား ကြည့်ရှုစစ်ဆေးပြီး ရင်ပြင်ရှေ့တွင် ရောင်းချနေသည့် ညဈေးတန်းဈေးဆိုင်များ သန့်ရှင်းသပ်ရပ်စွာ ရောင်းချနိုင်ရေးဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင်ရေရှည်ခိုင်မြဲစေရေး၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ကာလအတွင်းလုပ်ငန်းများ ပြီးစီးရေးတို့ကို အလေးအနက်ထားဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း တာဝန်ရှိသူများကိုလမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)