သဲကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးထားသော ပဲကြီးသီးနှံများစတင်ခူးဆွတ်ရိတ်သိမ်း

သဲကုန်း ဖေဖော်ဝါရီ ၂၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် မိရိုးဖလာစိုက်ပျိုးရေးလုပ်ငန်းများဖြစ် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိပြီး ပဲကြီးသီးနှံ (ဒေသမျိုး ၁၃၉ ဧက) စိုက်ပျိုးထားရှိပြီးဖြစ်ရာ ယခုအခါ စတင်ခူးဆွတ်ရိတ်သိမ်းလျက်ရှိလျက်ရှိသည်။

ပဲကြီးသီးနှံကို ဘောင်စနစ်(အစေ့ချစနစ်) ဖြင့် စိုက်ပျိုးခြင်း၊ စိုက်ခင်းဧကများတွင်စိုက်ပျိုးခြင်း၊ စင်တင်စနစ်ဖြင့်စိုက်ပျိုးခြင်း၊ ကြားသီးနှံအနေဖြင့်လည်းစိုက်ပျိုးလျက်ရှိပြီး ထွန်ယက်ခ၊ လုပ်အားခ၊ သွင်းအားစုစျေးနှုန်းများ မြင့်တက်မှုများစွာရှိသော်လည်း ယခုသီးနှံပေါ်ချိန်တွင် အထွက်နှုန်းကောင်းမွန်ပြီး မျှော်မှန်းစျေးရရှိသဖြင့် အဆင်ပြေလျက်ရှိသည်။ ပဲကြီးသီးနှံကို အောက်တိုဘာလဆန်းတွင် စတင်စိုက်ပျိုးရာ ဖေဖော်ဝါရီလဆန်းပိုင်းမှစတင်၍ ခူးဆွတ် ရိတ်သိမ်းလျက်ရှိပြီး ယခုနှစ်ပဲကြီးတစ်တင်းလျှင် ငွေကျပ် (၁၀၀၀၀၀) ခန့်ဖြင့် ပဲပွဲစား ကုန်သည်များမှတစ်ဆင့် မြို့ပေါ်ပဲပွဲရုံများ၊ ပဲလှော်ဖိုလုပ်ငန်းများတွင် ရောင်းချရ၍ ဝင်ငွေ တိုးပွားသဖြင့် စီးပွားရေးအဆင်ပြေကာ အကျိုးအမြတ်များစွာရှိကြောင်း ပဲကြီးသီးနှံစိုက်ပျိုးသူ တောင်သူတစ်ဦးထံမှ သိရှိရသည်။

ကိုကျော် (သဲကုန်း)