သာယာဝတီမြို့နယ်တွင် မြို့မဈေးနှင့် သုံးဆယ်မြို့၊မြို့မစျေး မီးဘေးလုံခြုံရေးအတွက် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

သာယာဝတီ ဖေဖော်ဝါရီ ၂၈   

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် မြို့မဈေးနှင့် သုံးဆယ်မြို့၊ မြို့မစျေး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဈေးသူဈေးသားများ မီးဘေးကြိုတင်ကာကွယ်ရေး အသိသတိရှိကြစေရန်၊ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လက်တွေ့လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းနှင့် စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့မဈေးကြီးများ၌ ပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ သာယာဝတီမြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်မောင်လတ်က မြို့မဈေးနှစ်စျေး၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဈေးအတွင်းအပြင် သန့်ရှင်းသပ်ရပ်မှု ရှိစေရေး၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများ၊ ရေလှောင်ကန်များတွင် ရေများအဆင့်အသင့် ရှိစေရေး၊ အသေးစားမီးသတ်စက်များအဆင်သင့် စီမံဆောင်ရွက်ထားရှိစေရေး၊ လျှပ်စစ်မီးသွယ်တန်းထားရှိမှုများ စနစ်တကျ ရှိစေရေးနှင့် ဈေးသူဈေးသားများမှ မီးဘေးကြိုတင်ကာကွယ်ရေး လိုက်နာဆောင်ရွက်ရန်အချက်များကို အသိပညာပေး ပြောကြားခဲ့ပြီး၊ မီးသတ်ဆေးဘူး  အသုံးပြုပုံအားရှင်းလင်းပြသ၍ ရေစိုဝတ်ဖြင့် မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းနှင့် ရေဖြင့်မီးငြှိမ်းသတ်ခြင်းများကို လက်တွေ့သရုပ်ပြ လေ့ကျင့်ခဲ့ကြသည်။ 

အဆိုပါ လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြလေ့ကျင့်ခြင်းကို ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၊ မြို့နယ်စီပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ နှင့်စည်ပင်သာယာဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ ဈေးတာဝန်ခံများနှင့် စျေးသူ/စျေးသားများ၊ ဈေးအကျိုးတော်ဆောင်ကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်၍ လက်တွေ့ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)