တတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် လုပ်ငန်းအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မုံရွာ ဖေဖော်ဝါရီ ၂၇

တတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် လုပ်ငန်းအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၂၇ ရက်၊ မွန်းလွဲ ၁ နာရီက စစ်ကိုင်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ တတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက တက်ရောက်လာသော ကော်မတီ (၉)ခု၏ ကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် စေတနာထားပြီး ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းအမှာစကား ပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးလွှတ်တော်အကြီးအမှူး ဒုတိယညွှန်ကြား‌ရေးမှူးချုပ် ဦးကျော်သူရက လုပ်ငန်းများ အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို အသေးစိတ်ဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ၊ တည်းခိုရေးနှင့် ဧည့်ရိပ်သာနေရာချထားရေးကော်မတီ၊ လုံခြုံရေးကော်မတီ၊ ကျန်းမာရေးကော်မတီ၊ ဆက်သွယ်ရေးကော်မတီ၊ ပြန်ကြားရေးကော်မတီ၊ သယ်ယူပို့ဆောင်ရေးကော်မတီ စသည့် ကော်မတီ (၉)ခု၏ ကော်မတီဥက္ကဋ္ဌများက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများအား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် တတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် လုပ်ငန်းအဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်းပြီး အထွေထွေဆွေးနွေးတင်ပြခဲ့ရာ လုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ သယံဇာတရေးရာဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)