ချောင်းဦး ဖေဖော်ဝါရီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနတွင် ယမန်နေ့နံနက် ၁၁ နာရီအချိန်က ၂၀၂၆-၂၀၂၇ ခုနှစ် မိုးကြိုဝါစိုက်ပျိုးရာသီ မိုးကြိုချည်မျှင်ရှည်ဝါ စိုက်ပျိုးမည့် တောင်သူများအားဖိတ်ကြားပြီး စိုက်ပျိုးထုတ်လုပ်မှု နည်းပညာပေး တောင်သူဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။
ပထမဦးစွာ မြို့နယ်ဦးစီးမှူး ဦးတင့်ဆွေမှ တောင်သူနည်းပညာပေး ဆွေးနွေးပွဲ ပြုလုပ်ပေးရသည့် ရည်ရွယ်ချက်အားပြောကြားပြီး မြို့နယ်စီမံကိန်းဦးစီးမှူးမှ မိုးကြိုဝါစိုက်ပျိုးခြင်းဖြင့် အခြားသီးနှံများထက် တစ်ဧကဝင်ငွေပိုမိုရရှိကြောင်း၊ သီးထပ်စိုက်ခြင်းဖြင့် မြို့နယ်၏ GDP တိုးတက်မှုရှိကြောင်း ဆွေးနွေးသည်။
သက်ဆိုင်ရာ မြေ၊ မျိုး၊ ပိုး တာဝန်ခံများက မိုးကြိုချည်မျှင်ရှည်ဝါ အထွက်နှုန်းတိုးတက်ရေး အတွက်လိုအပ်သည်များ ဆွေးနွေးခဲ့သည်။ မြို့နယ်ဦးစီးမှူးမှ တောင်သူများ၏ မေးမြန်းဆွေးနွေး ချက်များ ဖြေကြားပေးခဲ့ပြီး မိုးကြိုဝါစိုက်ပျိုးထုတ်လုပ်မှု မြင့်မားရေးအတွက် သီးထပ်၊ သီးညှပ် စိုက်ပျိုးနည်းစနစ်များ၊ အပင်ကြီးထွားမှု အဆင့်လိုက် မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းစဥ် များအား အသေးစိတ်ဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် တောင်သူများအား ဝါမျိုးကောင်းမျိုးသန့် မျိုးစေ့များ အခမဲ့ပေးအပ်ခဲ့ပြီး မြေချဥ်၊ ငံ တိုင်းတာမှုကို ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာခိုင်မှ လက်တွေ့ သရုပ်ပြသခဲ့သည်။
ချောင်းဦးမြို့နယ်တွင် ယခုနှစ် မိုးကြိုချည်မျှင်ရှည်ဝါ စိုက်ပျိုးရန် ၁၅ဧက လျာထားသော်လည်း ကျေးရွာအုပ်စု ၃ အုပ်စုမှ တောင်သူ ၃၂ ဦးဖြင့် ၆၀ ဧကအထိ အောင်မြင်အောင် စိုက်ပျိုး ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမြင့်အောင်