ဘားအံ ဖေဖော်ဝါရီ ၂၈
ကရင်ပြည်နယ်အစိုးရအဖွဲ့ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၂/၂၀၂၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီ ၂၇ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ရှေ့ဆက်လုပ်ဆောင်မည့်မူဝါဒရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားကာ ကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လင်းက ယခင်အပတ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ ဒေသကော်မတီမှ ခရီးသွားကဏ္ဍဖွံ့ဖြိုးရေး လုပ်ကိုင်ဆောင်ရွက်နေမှုများနှင့် ယခုအစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုပေးရမည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြသည်။
ထို့နောက် ကော်မတီဝင်ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ခရီးသွားလုပ်ငန်းရှင်များက ဟိုတယ်များနှင့်ခရီးစဉ် ဒေသများမီးဘေးကြိုတင်ကာကွယ်ရေး၊ စိမ်းလန်းစိုပြည်သာယာလှပရေး၊ ခရီးသွားများ လာရောက်လည်ပတ်ရာတွင် အဆင်ပြေချောမွေ့မှု ရှိစေရေးကိစ္စရပ်များကို ဆွေးနွေးတင်ပြကြပြီး ဘားအံခရိုင်ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဆဒ္ဒန်ဂူ၊ ကော့ဂွန်းဂူ၊ ရသေ့ပျံဂူ၊ ကော့က သောင်ဂူ၊ လွန်းညရေပြာအိုင်၊ ဇွဲကပင်တောင်၊ ကျောက်ကလပ်၊ တောင်ဝိုင်း၊ ကျုံထော်ရေတံခွန်၊ ဖောင်တော်ဦး၊ ပဒုမ္မာဂူ၊ ဘုရင့်ညီနောင်ဂူ၊ လင်းနို့ဂူ၊ ဣစ္ဆာသယဂူ၊ ကြာအင်းတောင်၊ ဗုဒ္ဓဂါယာ ခရီးစဉ် ဒေသစီမံခန့်ခွဲရေးအဖွဲ့များက သက်ဆိုင်ရာခရီးစဉ်ဒေသများအလိုက် လိုအပ်ချက်များ၊ ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြကာ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မွန်းလွဲ ၁ နာရီခွဲက ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်ကို ဆက်သွယ်ပေးထားသော ဘားအံ-အိန္ဒု-ဇာသပြင်မော်လမြိုင်လမ်းပေါ်ရှိ ဂျပန်နိုင်ငံ JICA ODA Loan ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သော ဂျိုင်း(ဇာသပြင်) သံမဏိကြိုးဆိုင်းတံတားသစ် တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ဂျိုင်း(ဇာသပြင်) သံမဏိကြိုးဆိုင်းတံတားကို ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး အရှည် ၂၆၁၅ ပေ၊ (၆၈)ပေအကျယ် ၄ လမ်းသွား၊ (၃)ခန်းတွဲသံမဏိကြိုးဆိုင်းတံတားကြီးအား တိုးတက်များပြားလာသော ယာဉ်စီးရေအဆင်ပြေလွယ်ကူစွာ သွားလာနိုင်ရန်နှင့် ယာဉ်တစ်စီးချင်းခွင့်ပြုတန်ချိန် (၆၀)တန် ကားများ ဖြတ်သန်းသွားလာနိုင်ရန် အဓိကရည်ရွယ်တည်ဆောက်ခဲ့ပြီး တံတားအထူးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချို၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာထွန်း၊ အင်ဂျင်နီယာချုပ် ဦးသိန်းနိုင်တို့က တည်ဆောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တံတားအား ဖြတ်သန်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)