တောင်သူလယ်သမားနေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်

ပုသိမ် ဖေဖော်ဝါရီ ၂၇

၂၀၂၆ ခုနှစ် မတ်လ ၂ ရက်နေ့တွင်ကျရောက်မည့် ၆၄ ကြိမ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် မရမ်းချောင်းကျေးရွာတွင် ယခင်နှစ်များ နည်းတူ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ တောင်းသူလယ်သမားနေ့ အခမ်းအနားကို နိုင်ငံတော်အတွင်းသာယာဝပြောရေး၊ စား‌ရေးရိက္ခာဖူးလုံပေါများပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာဖို့အတွက် ကြိုးပမ်းအားထုတ်ပေးနေကြတဲ့ တောင်သူဦးကြီးများကို အသိအမှတ်ပြုဖို့နှင့် လယ်ယာကဏ္ဍထုတ်လုပ်မှု တိုးတက်မြင့်မားကာ ထုတ်ကုန်နှစ်ဆတိုးမြှင့်ခြင်းမှ ပို့ကုန်နှစ်ဆ တိုးတက်တင်ပို့နိုင်ဖို့နှင့် တောင်သူလယ်သမားများ၏အကျိုးစီးပွား မြှင့်တင်ပေးနိုင်‌‌ရေး စသည့် ရည်ရွယ်ချက်ကောင်းများနှင့် ကျင်းပခဲ့ကြောင်း သိရသည်။

တောင်‌သူဦးကြီးများလေ့လာနိုင်ရန်စပါးစိုက်ခင်းများ၊ မြေပဲ၊နှမ်း၊ နေကြာ၊ ပန်းနှမ်းနှင့် ဆီထွက် သီးနှံစိုက်ခင်များ၊ ပြည်ပပို့ကုန်အတွက် အလားအလာကောင်းသော အစေ့ထုတ်ပြောင်းစိုက်ခင်း၊ ငရုပ်နှင့် စားဖိုဆောင်သီးနှံ ဟင်းသီးဟင်းရွက်စိုက်ခင်းများကို တစ်စုတစ်စည်းတည်း စိုက်ပျိုးပြသ ထားသည်။ သက်ဆိုင်ရာကုမ္မဏီများကလည်း လယ်ယာလုပ်ငန်းနှင့်ဆက်နွယ်နေသည့် သွင်းအားစုများ၊ စက်ကရိယာများ၊ ထုတ်ကုန်တိုးတက်ရေးအတွက် MSME ပညာပေးပြခန်း၊ တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်နှင့်သိပ္ပံ ကျောင်းများမှ တောင်သူအကျိုးပြုပြခန်းများ၊ ဌာဆိုင်ရာပြခန်းများ၊ ဆိုလာစနစ်သုံး ရေပေးရေးစနစ်များ၊ မွေးမြူရေး အတွက် တောင်သူဦးကြီးများကို အကျိုးပြုသည့် နွား၊ ဝက်၊ ကြက်၊ ဘဲ၊ ဆိတ်နှင့် ပျားမွေးမြူရေး စနစ်များကိုလည်းပြသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြခန်းများနှင့်ပတ်သက်ပြီး စိုက်ပျိုးရေးဦးစီးဌာန ပုသိမ်မြို့နယ် ဦးစီးအရာရှိ ဦးမျိုးမင်းလွင်ဦးက “ပြခန်းများကို တောင်သူများလေ့လာနိုင်အောင် သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြသထားပါတယ်၊ မိုးစပါး၊ နွေစပါး၊ ဆီထွက်သီးနှံများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သက်ဆိုင်သည့် ကဏ္ဍများလည်း ပြသထားပါတယ်၊ ပြောင်းလည်းလာသော ခေတ်နှင့်အညီ စိုက်ပျိုးရေးကဏ္ဍတွင် စက်မှုလယ်ယာပြောင်လဲရေးအတွက် လယ်ယာသုံးစက်ကရိယာများလည်း ပြသထားပါတယ်၊ ကျွန်တော်တို့ ပုသိမ်မြို့နယ်အတွက် နှစ်စဉ်စိုက်ပျိုးရေးဦးစီးဌာနမှ နွေစပါး၊ မိုးစပါးပန်းတိုင် အထွက်နှုန်းရောက်ရှိရေးအတွက် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးခြင်း၊ သွင်းအားစု (ဓာတ်မြေဩဇာ/သဘာဝမြေဩဇာ) များကို အချိန်ကိုက် အချိုးကျ ထည့်သွင်းခြင်း၊ အထွက်ကောင်းမျိုးသန့် အသုံးပြုစေခြင်း၊ပိုးမွှားနှင့် ရွှေခရု ကြိုတင်ကာကွယ် နှိမ်နင်းနည်းများကို တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိပါတယ်။ ကောက်စိုက်၊ Drum Seeder စိုက်ပျိုးနည်းစနစ်သစ်များကို တောင်သူများ လိုက်ပါဆောင်ရွက်စေရန် ကွင်းသရုပ်ပြပွဲများ ဆောင်ရွက်ခဲ့ပါတယ်။ ယခုအခါ ပုသိမ်မြို့နယ်သည် မိုးစပါး၊ နွေစပါး စိုက်ဧကများမှာ ပန်းတိုင် အထွက်နှုန်း ရောက်ရှိနေပြီဖြစ်ပါတယ်၊ ပုသိမ်မြို့နယ်အနေဖြင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများကို တိုးချဲ့စိုက်ပျိုး‌ရေးနှင့် တောင်သူဦးကြီးများ တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုအိမ်စရိတ် လျှော့ချနိုင်သည့်အဆင့်မှ အပိုဝင်ငွေရရှိသည့်အထိပညာပေး ဆောင်ရွက်မှုကိုပြုလုပ်ပေးခဲ့ပါတယ်။ ပြခန်းများကိုတော့ မတ် ၁ ရက်နေမှ မတ် ၄ ရက်နေ့အထိ ပြသထားမှာပါ၊ ပြခန်းများ၊ စိုက်ခင်း များကိုလည်း လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်၊ အားလုံးကိုကျေးဇူးတင်ပါတယ် “ဟုပြောသည်။

ကျော်ဇင်စိုး