ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၁/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးတက်ရောက်

ပုသိမ် ဖေဖော်ဝါရီ ၂၇

ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၁/၂၀၂၆) ကြိမ်မြောက်အစည်းအဝေးကို ယမန်နေ့ညပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) တွင်ပြုလုပ်ရာ အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ရင်းနှီးမြှုပ်နှံမှု ကော်မတီဝင် ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။

ဦးစွာဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီးအတွင်း ဆန်စပါးနှင့်ပတ်သက်သည့်လုပ်ငန်းများ၊ အထည်ချုပ်လုပ်ငန်းများကို အများဆုံးလာရောက် ရင်းနှီးမြှုပ်နှံလျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် ရန်ကုန်တိုင်းဒေသကြီးနှင့် အနီးဆုံးတိုင်းဒေသကြီးဖြစ်ပြီး တည်ငြိမ်အေးချမ်းမှုများရှိသောကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံသဖြင့် တိုးတက်မှုများလည်း ရှိလာပါကြောင်း၊ မြေအသုံးချမှုနှင့်ပတ်သက်၍ လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့် တင်ပြဆောင်ရွက်ရခြင်းများလည်းရှိပါကြောင်း၊ လာရောက်ရင်းနှီးမြှုပ်နှံသည့်လုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အားရရှိရေးကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့်လည်း သတ်မှတ်ကာလအတွင်း လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း” အမှာစကား ပြောကြားသည်။

ထို့နောက်ကုမ္ပဏီများက ရာခိုင်နှုန်းပြည့်နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုဖြင့် သုံးဘီးမော်တော်ဆိုင်ကယ် အမျိုးမျိုးတပ်ဆင်ခြင်းနှင့် ထုတ်လုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြု လျှောက်ထားလွှာ တင်ပြခြင်းနှင့်ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ဆန်စပါး၊ ဆန်နှင့် ဆန်ထွက်ပစ္စည်းများ ကြိတ်ခွဲသန့်စင် ထုတ်လုပ်တင်ပို့ရောင်းချခြင်းလုပ်ငန်းကို ဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုလျှောက်ထားလွှာတင်ပြခြင်းတို့အား တင်ပြခဲ့ကြပြီး တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေးမှူးက ရာခိုင်နှုန်းပြည့်နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုဖြင့် ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးမြှင့်ခွင့်ပြုပါရန်တင်ပြခြင်းကိစ္စ၊ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ရင်းနှီးမြှုပ်နှံမှု ပမာဏတိုးမြှင့်ခွင့်ပြုပါရန်တင်ပြခြင်းကိစ္စ၊ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြခြင်းကိစ္စ၊ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် အစုရှယ်ယာလွှဲပြောင်းခွင့်ပြုပါရန် တင်ပြခြင်းကိစ္စ၊ ရာခိုင်နှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် အတည်ပြုမိန့်ပြန်လည်အပ်နှံခွင့်ပြုပါရန် တင်ပြခြင်းကိစ္စ၊ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် အတည်ပြုမိန့်ပြန်လည် အပ်နှံခွင့်ပြုပါရန် တင်ပြခြင်းကိစ္စများ ဆွေးနွေးတင်ပြခဲ့ကာ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ တာဝန်ရှိသူများ၏ အထွေထွေ ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)