ဝါးခယ်မတွင် ဆီထွက်သီးနှံ နေကြာ (ရုရှား) မျိုး စိုက်ပျိုးဖြစ်ထွန်းအောင်မြင်လျက်ရှိ

ဝါးခယ်မ ဖေဖော်ဝါရီ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ရေလိန်ကျေးရွာ ကွင်းအမှတ် ၁၀၁၄၊ ဦးပိုင်အမှတ် ၁/၁ ရှိ စိုက်ပျိုးထားရှိသော ဆီထွက်သီးနှံ နေကြာ (ရုရှား) မျိုးများ ဖြစ်ထွန်းအောင်မြင် လျက်ရှိသည်။

ရေလိန်ကျေးရွာ ကွင်းအမှတ် ၁၀၁၄၊ ဦးပိုင်အမှတ် ၁/၁ ရှိ ရွှေကြာပင် စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးကျော်အောင်အပါအဝင် တောင်သူ ဦးဝင်းဗိုလ်နှင့် တောင်သူ ဦးကိုကိုအေးတို့၏ စိုက်ပျိုးဧက စုစုပေါင်း ၈ ဧကတွင် ဆီထွက်သီးနှံ နေကြာ (MAKHAON KLP/ IPPOLIT/ VULKAN) ရုရှားနေကြာ(၃) မျိုးအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်နေ့မှစကာ လက်စိုက်စနစ်၊ စက်စိုက်စနစ်များဖြင့် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ယင်းသို့ ဖြစ်ထွန်းအောင်မြင်နေမှုများကို သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးကျော်စိုးမင်း၊ မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ကြည့်ရှု့စစ်ဆေးခဲ့ပြီး အထွက်နှုန်း ကောင်းမွန်စေရေးအတွက် စိုက်ပျိုးသည့် တောင်သူနှင့် တွေ့ဆုံကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။

အဆိုပါ နေကြာဆီသည် ကျန်းမာရေးနှင့် ညီညွတ်သည့် သဘာဝစားဆီဖြစ်ပြီး တောင်သူများ အနေဖြင့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းကောင်း၊ အရည်အသွေး ကောင်းသောဆီထွက်သီးနှံများ ရရှိလာမှာဖြစ်ကြောင်း၊ ပြည်တွင်း ဆီစားသုံးမှု ဖူလုံစေသည့် အပြင် စိုက်ပျိုးကြသည့် တောင်သူလယ်သမားများ၏ ဝင်ငွေများလည်း တိုးတက်လာမှာ ဖြစ်ကြောင်း သိရသည်။

လွှမ်းသီဟ (ပြန်/ဆက်)