ဓနုဖြူ ဖေဖော်ဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဓနုဖြူမြို့နယ်အတွင်း လေပြင်းဒဏ် ပိုမိုခံနိုင်ရည်ရှိသောအိုးအိမ်များဖြစ်စေရေး အားဖြည့်၊ မွမ်းမံ၊ ပြင်ဆင်ခြင်း လုပ်ငန်းများဆောင်ရွက်ရန်အတွက် အိမ်ဆောက်ပစ္စည်းများပေးအပ်ပွဲကို ယနေ့ဖေဖော်ဝါရီလ ၂၄ရက်နေ့ နံနက်ပိုင်းက ထီကွေ့ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အမှာစကားပြေားကြားပြီး၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခြူးရွှေစင်က လေပြင်းဘေးကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေးပြောကြား ခဲ့သည်။ ထို့နောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခြူးရွှေစင်နှင့်တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များက မိုးဦးကာလများဖြစ်သည့် ဧပြီလနှင့် မေလများ၌ နှစ်စဉ်ဖြစ်ပွားလျက်ရှိသော လေပြင်းဘေး အန္တရာယ်နှင့်ပတ်သက်၍ လေပြင်းဒဏ်ခံနိုင်သော ရပ်ရွာအသိုက်အဝန်းတစ်ခုဖြစ်စေရန်ရည်ရွယ်၍ လေပြင်းဘေး ကြိုတင်ပြင်ဆင်နိုင်ရေး အိုးအိမ်များပြင်ဆင်မွမ်းမံနိုင်ရန်အတွက် အိမ်ဆောက်ပစ္စည်းများ ဖြစ်သည့် ထရံ၊ ဓနိများအားပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များက လေပြင်းဘေးအတွက် အိုးအိမ်များ ကြိုတင်ပြင်ဆင်မွမ်းမံနေမှုများကို ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အောင်ပြည့်ဖြိုးဇော် (ပြန်/ဆက်)