မော်လမြိုင်ကျွန်းမြို့နယ်၌ (၇၁) ကြိမ်မြောက် ပရိယတ္တိစာဖြေပွဲတော်ကြီး၏ စာအောင်ဆုနှင်း သဘင်အခမ်းအနားကျင်းပ

မော်လမြိုင်ကျွန် ဖေဖော်ဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ကမ်းနား ကျောင်းပရိယတ္တိစာသင်တိုက်၌ ယမန်နေ့ ညနေပိုင်းက မြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံ သံဃာ့ဩဝါဒခံပရိယတ္တိသာသနာ နုဂ္ဂဟအသင်းကြီး (၇၁) ကြိမ်မြောက် ပရိယတ္တိစာဖြေပွဲတော်ကြီး၏ စာအောင်ဆုနှင်းသဘင်အခမ်းအနား ကျင်းပခဲ့သည်။

ဦးစွာ သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ မော်လမြိုင်ကျွန်းမြို့ နယ်ဩဝါဒစရိယဆရာတော်မဟာဂန္တဝါစကဘဒ္ဒန္တ ဇာဂရ ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကာ မြို့နယ်ဩဝါဒစရိယဆရာတော်ကြီးများ၊တာဝန်ခံဆရာတော်တိုင်းသံဃာ့ဝန်ဆောင်ဆရာတော်ဦးဣဿရိယအမှူးပြုသောမြို့နယ်သံဃာ့နာယကဆရာတော်ကြီးများမှ အန္တရာယ်ကင်းပရိတ်တရား တော်များချီးမြှင့်ပြီးနောက် ဆုံးမဩဝါဒများနားကြား ခဲ့သည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးက သာသနာရေးဆိုင်ရာများကိုလျှောက်ထားသည်။ ဆက်လက်၍ ပရိယတ္တိသာသနာနုဂ္ဂဟအသင်း ဥက္ကဋ္ဌက စာအောင်ဆုနှင်းသဘင်ပွဲကျင်းပခြင်းနှင့် စပ်လျဥ်း၍ ကျေးဇူးတင်စကားပြန်လည် ပြောကြား ခဲ့သည်။

ဆက်လက်၍ (၇၁) ကြိမ်မြောက် ပရိယတ္တိစာမေးပွဲကြီးတွင် ဓမ္မာစရိယတန်း၊ ပထမအလတ်တန်း၊ ပထမအငယ်တန်း၊ မူလအကြီးတန်း၊ မူလအလတ်တန်းတို့တွင် အောင်မြင်ခဲ့သည်သံဃာ တော်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဌ ဦးခင်မောင်ဦးနှင့်စေတနာရှင်များက အသီးသီးအောင်ဆုများချီးမြှင့်ပေးအပ်ခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် ဧည့်ပရိတ်သတ်များက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး အခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။

မြို့နယ်လုံးဆိုင်ရာ (၇၁) ကြိမ်မြောက် ပရိယတ္တိစာဖြေပွဲတော်ကြီးတွင် သံဃာတော် (၂၂၃) ပါး ဝင်ရောက်ဖြေဆိုတော်မူကြပြီး (၁၆၉) ပါး ဖြေဆိုအောင်မြင်တော်မူခဲ့ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)