ကြံခင်းမြို့၊ မြို့မဈေးအနီးပတ်ဝန်းကျင် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်ရေး တာဝန်ရှိသူများ ပူးပေါင်းစစ်ဆေး

ကြံခင်း ဖေဖော်ဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်၊ မဟာဘောဂလမ်း၊ ဘုရားကြီးလမ်းနှင့် ဗိုလ်ချုပ်လမ်း မြို့မဈေးအနီးဝန်းကျင်ရှိ လူနေအိမ်များ၊ အိမ်ဆိုင်များအား ယမန်နေ့ ညနေ ၅ နာရီအချိန်က မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပူးပေါင်းစစ်ဆေးခဲ့ကြသည်။

ပူပြင်းခြောက်သွေ့သော နွေရာသီကာလသို့ရောက်ပြီဖြစ်၍ ပူပြင်းသောကာလတွင် အထူးသတိပြုရမည့်အချက်မှာ မီးဘေးအန္တရာယ်ဖြစ်သောကြောင့် တစ်ဦးတစ်‌ယောက်၏ ပေါ့ဆမှုအတွက် မီးလောင်မှု၊ မီးလန့်မှုများမကြုံတွေ့စေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ (အတွင်းရေးမှူး) မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုနိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးဌေးမြင့်အောင်၊ မြို့နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူး၊ စာရေးတို့ပူးပေါင်း၍ ဈေးပတ်ဝန်းကျင်ရှိ နေအိမ်များ၊ ‌ဈေးဆိုင်များအား မီးဖိုများ၊ လျှပ်စစ်အသုံးအဆောင်များ၊ ဟောင်းနွမ်းနေသော လျှပ်စစ်ဝါယာကြိုးများ၊ မီးခလုတ်များ၊ breaker မိန်းခလုတ်များအား ကောင်းမ/မကောင်း စစ်ဆေးခြင်း၊ အရေးပေါ်သုံး မီးသတ်ဆေးဘူးများ ရှိ/မရှိ၊ ဓာတ်ဆီ၊ ဒီဇယ်များ သိုလှောင်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးကြပြီး၊ မီးသုံးစွဲရာတွင် မီးဖိုမှတဆင့် မီးကူးစက်မှုမဖြစ်ပေါ်စေရေး မီးဖိုနှင့် ထရံကြားတွင် မီးမလောင်နိုင်သော သွပ်ပြား၊ သံပြားတို့ဖြင့် ကာရံအသုံးပြုရန်၊ မီးလောင်လွယ်စေသော ပစ္စည်းများအား ထင်းမီးသွေးမီးဖို(သို့)လျှပ်စစ်မီးဖို အနီးအနားတွင် မထားရှိရန်၊ မီးသတ်ဆေးဘူးများကို အများမြင်သာသောနေရာတွင် ထားရှိရန်၊ သက်တမ်းလွန် မီးသတ်ဆေးဘူးများအား အသုံးမပြုရန်၊ မီးအားမြှင့်စက်များ၊ လျှပ်စစ်သုံးဇိမ်ခံပစ္စည်းများအသုံးပြုမည် ဆိုပါကခံနိုင်ဝန်အားကိုသာ အသုံးပြုရန်စသည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းတို့ကို တစ်အိမ်တက်ဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း

ကြံခင်း (ပြန်/ဆက်)