မကွေးတက္ကသိုလ်၌ မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြသခြင်း ဆောင်ရွက်

မကွေး ဖေဖော်ဝါရီ ၂

မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာများ စိမ့်ဝင်ပျံ့နှံ့စေရေးအတွက် ရည်ရွယ်၍ မီးဘေးလုံခြုံရေးအသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်မှုလက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက မကွေးတက္ကသိုလ်ဘက်စုံခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးလှိုင်က မီးဘေးလုံခြုံရေးဆိုင်ရာအသိပညာများနှင့် သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးပြောကြားခြင်း၊ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးမင်းမင်းဦးက လျှပ်စစ်နှင့်မီးဘေးအန္တရာယ်အကြောင်း ပြောကြားခဲ့ကာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည်များကို ရှင်းလင်းဖြေကြားခဲ့သည်။

ဆက်လက်၍ ခေတ်မှီမီးသတ်ယာဉ်/စက်ဖြစ်သည့် LUF 60 ၏ စက်စွမ်းရည်ကို သရုပ်ပြသခဲ့ပြီး ဆီမီးလောင်မှုကို လက်တွေ့သရုပ်ပြငြှိမ်းသတ်ခဲ့ကြသည်။ ထို့နောက် 191 Report Mobile Application အသုံးပြုနည်း၊ ဂက်(စ်)အိုး မီးလောင်မှုအား မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း၊ Dry Chemical Powder(DCP) မီးသတ်ဆေးဘူးဖြင့် စနစ်တကျ လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို သရုပ်ပြခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင် လက်တွေ့ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မကွေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာခင်ကေခိုင်၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်း (၅ဝဝ)ဦးခန့် တက်ရောက်ခဲ့ကြသည်။

ယခုအချိန်အခါသည် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးလောင်မှုများ လျော့နည်းကျဆင်းရေးအတွက် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးလုံခြုံရေး အသိပညာပေးခြင်း၊ မီးငြှိမ်းသတ်မှုဇာတ်တိုက်လေ့ကျင့်ခြင်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)