တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ပထမပုံမှန် အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း

ထားဝယ်       ဖေဖော်ဝါရီ  ၂၄

တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ပထမပုံမှန်အစည်းအဝေးအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲက ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက မကြာမီကာလအတွင်းကျင်းပမည့် တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်ကို ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန် အစည်းအဝေးခေါ်ယူခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လွှတ်တော်အဆောက်အဦ အုပ်ချုပ်မှုပိုင်းဆိုင်ရာ ဆောင်ရွက်ပေးရမည့်လုပ်ငန်းများနှင့် လွှတ်တော်ပထမပုံမှန်အစည်းအဝေးကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းများရှိကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များနေထိုင်သည့် အချိန်တွင် လိုအပ်သည်များကို ပြင်ဆင်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ လွှတ်တော်ရုံးဥပဓိကောင်းမွန်ရေးအတွက် လွှတ်တော်အဆောက်အဦပုရဝုဏ်အတွင်း၊ အပြင် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ပေးထားသည်များရှိကြောင်း၊ လွှတ်တော်ရုံးခံ့ညားထည်ဝါစေရေးနှင့် သန်ရှင်းသန့်ရပ်လှပစေရေးအတွက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လွှတ်တော်အစည်းအဝေးသည် တိုင်းဒေသကြီးအတွက်အရေးကြီးကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးအောင်မြင်စွာကျင်းပနိုင်ရေးအတွက်ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက်တတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော်ပထမပုံမှန်အစည်းအဝေးအောင်မြင်စွာ ကျင်းပနိုင်ရေး ဗဟိုကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီးလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးမြင့်ဝေက လွှတ်တော်ရုံးအဆောက်အဦ ပရိဝုဏ်အတွင်း၊ အပြင် သန့်ရှင်းသပ်ရပ်စနစ်တကျရှိစေရေးဆောင်ရွက်ထားရှိမှုအခြေအနေ လွှတ်တော်ကိုယ်စားလှယ်များ နားနေဆောင်များ၌ အသင့်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ လွှတ်တော်ရုံးအစည်းအဝေးခန်းမ၊ ဆွေးနွေးပွဲခန်းမ၊ ဧည့်ခန်းမ၊ နားနေခန်းများဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ရုံးလုပ်ငန်းများနှင့်ရှေ့ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးများက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)