မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မကွေး ဖေဖော်ဝါရီ ၂၄

မကွေးတိုင်းဒေသကြီး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆)ကို ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာမကွေးတိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ယနေ့ကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသည့် ရာသီဥတုဖြစ်စဉ်များကိုကြည့်လျှင် ထိခိုက်ဆုံးရှုံးမှုအများဆုံးမှာ ငလျင်ဘေး၊ မုန်တိုင်းဘေးနှင့် ရေဘေးများကို တွေ့ရှိရမှာဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်လည်း အဖျက်စွမ်းအားကြီးမားသည့် ငလျင်ဘေးနှင့် ရေဘေးများကို ခံစားနေရခြင်းဖြစ်ကြောင်း၊ ယခုအချိန်ကာလသည် သဘာဝဘေးအန္တရာယ်တွေအနေဖြင့် မီးဘေးနှင့် လေပြင်းဘေးတို့ အဓိကဖြစ်ပေါ်နိုင်ပြီး မိမိတို့တိုင်းအနေဖြင့် နှစ်စဉ် ဇူလိုင်၊ ဩဂုတ်လတွေများတွင် ရေဘေးဖြစ်ပွားမှု အများဆုံးဖြစ်ပွားလေ့ရှိသည်ကို တွေ့ရှိရမှာဖြစ်ပါကြောင်း၊ မိမိတို့တာဝန်ယူစဉ်ကာလအတွင်း မီးဘေးကြီများအနေဖြင့် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မင်းဘူးမြို့နယ်၊ အိုးပြင်မဲကျေးရွာမီးဘေး၊ မတ်လတွင် မင်းဘူးမြို့နယ်၊ ကိုင်းမကြီးရွာမီးဘေး၊ ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် မင်းဘူးမြို့နယ်၊ ခံကုန်းရွာမီးဘေး၊ ၂၀၂၄ ခုနှစ်၊ မတ်လတွင် မင်းတုန်းမြို့နယ်၊ မှန်(ရွာမ)ကျေးရွာနှင့် ကျွန်းတောကျေးရွာမီးဘေးနှင့် မေလတွင် စေတုတ္တရာမြို့နယ်၊ လက်ပံကျင်းရွာမီးဘေး၊ ၂၀၂၅ ခုနှစ်၊ မတ်လတွင် ပွင့်ဖြူမြို့နယ်၊ မုန်းဇလဲကျေးရွာ မီးဘေးများ ဖြစ်ပွားခဲ့ပြီး စုစုပေါင်း အိမ်ခြေ (၈၀၀)ကျော် ထိခိုက်ဆုံးရှုံးခဲ့ခြင်းဖြစ်ပါကြောင်း၊  မီးလောင်မှုအများဆုံးကာလမှာ အပူပြင်းဆုံးဖြစ်သည့် မတ်လ၊ ဧပြီလနှင့် မေလများဖြစ်သည့်အတွက် မီးဘေးကြိုတင်ကာကွယ်ရေးကို တိုးမြှင့်လုပ်ဆောင်ကြရမှာဖြစ်ပါကြောင်း၊ ထို့အပြင် မိုးကြိုကာလဖြစ်သည့် ဧပြီလနှင့် မေလမှာဖြစ်ပွားလေ့ရှိသည့် လေပြင်းဘေးကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီးမှုများပြားခြင်းဖြစ်ပြီး (၅)နှစ်တာကာလအတွင်း လေပြင်းဘေးကြောင့် နေအိမ်စုစုပေါင်း (၈၀၀၀) ကျော် ထိခိုက်ပျက်စီးခဲ့ခြင်းဖြစ်သည့်အတွက် ကြိုတင်သတိပြုပြီး ဆောင်ရွက်ရမည့်ဘေးဖြစ်ကြောင်း၊ ပြည်သူလူထုများအနေဖြင့်လည်း သဘာဝဘေးဆိုင်ရာ အသိပညာများရရှိပြီး ဆောင်ရန်၊ ရှောင်ရန် အချက်များကို သိရှိလိုက်နာစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ ခရိုင်၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့တွေအနေဖြင့်လည်း မိမိဒေသအလိုက် ဖြစ်ပွားနိုင်သည့် ဘေးတွေကို မျှော်တွေးပြီး လိုအပ်ချက်တွေကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမှာဖြစ်ပါကြောင်း၊ အဖျက်စွမ်းအားကြီးမားသည့် သဘာဝဘေးတွေကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ နည်းပါးစေရန်အတွက် မိမိတို့ကဏ္ဍအလိုက် အထူးအလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ မိမိဒေသလိုက် ဖြစ်ပွားနိုင်သည့် ဘေးများကို မျှော်တွေးပြီး လိုအပ်ချက်တွေကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမှာဖြစ်ကြောင်းနှင့် ကဏ္ဍအလိုက် လုပ်ငန်းများဆောင်ရွက်နေမှုနှင့်စပ်လျဉ်းပြီး ဆွေးနွေးပေးကြရန် ပြောကြားသည်။

ဆက်လက်၍ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌများဖြစ်သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက လုပ်ငန်းအဖွဲ့များမှ ကူညီထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေနေနှင့် တစ်ဖွဲ့နှင့် တစ်ဖွဲ့ အပြန်အလှန် ချိတ်ဆက်လုပ်ဆောင်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ပြီး လုပ်ငန်းအဖွဲ့ (၁၂)ဖွဲ့ အတွင်းရေးမှူးများက တိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ်ကြုံတွေ့ရသည့် ဒေသများရှိ ပြည်သူများအတွက် ကူညီကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကာ တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)