မင်းလှမြို့နယ်တွင် အိုင်အိုဒင်းဆားရောင်းချမှု အရည်အသွေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်

မင်းလှ ဖေဖော်ဝါရီ ၂၄

မကွေးတိုင်းဒေသကြီးသရက်ခရိုင်၊ မင်းလှမြို့နယ်တွင် အိုင်အိုဒင်းဆား ရောင်းချမှုအရည်အသွေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့နံနက် ၈ နာရီက ဇေယျာသီရိဈေးတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှကျန်းမာရေးဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် မီးသတ်ဦးစီးဌာနမှဝန်ထမ်းများက ဇေယျာသီရိဈေးအတွင်းနှင့် ဈေးပြင်ပရှိ ကုန်စုံဆိုင်များတွင်ရောင်းချသော အိမ်သုံးဆားများ၌ အိုင်အိုဒင်းအရည်အသွေးပြည့်မီမှုရှိ၊မရှိစစ်ဆေးခဲ့ကြပြီး အရည်အသွေးပြည့်မီသောဆားများကိုသာရောင်းချရန်၊ အိုင်အိုဒင်းဓာတ် လေလွှင့်ဆုံးရှုံးမှုမရှိရေး လုံခြုံစွာဖုံးအုပ်အသုံးပြုကြရန်၊ အေး၍ခြောက်သွေ့သောနေရာထားရန်၊ စိုစွတ်သောနေရာမထားရန်နှင့် အိုင်အိုဒင်းဓာတ်သည်ခန္ဓာကိုယ်ကြီးထွားစေခြင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးစေခြင်းတို့အတွက်အရေးပါသော သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်ရာတွင်မရှိမဖြစ်သော အာဟာရဓာတ်တစ်ခုဖြစ်ကြောင်း၊ အိုင်အိုဒင်းဓာတ်ချို့တဲ့ပါက ကိုယ်ဝန်ဆောင်မိခင်များတွင် သားပျက်၊ သားလျှောခြင်း၊ ကလေးအသေမွေးဖွားခြင်း၊ ကလေးများ ခန္ဓာကိုယ်ကြီးထွားမှုနှေးကွေးခြင်း၊ ဉာဏ်ရည်နိမ့်ပါးခြင်းနှင့် ကလေး၊ လူကြီးမရွေး လည်ပင်းကြီးရောဂါခံစားရခြင်း၊ သွက်လက်မှုမရှိဘဲ ထုံထိုင်းနှေးကွေးခြင်းစသည့် ရောဂါများခံစားရနိုင်ကြောင်းကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝင်းမြတ်(အထက်မင်းလှ)