ပေါက်ခေါင်း ဖေဖော်ဝါရီ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် ဆောင်းမြေပဲကို (၅၇၁၉)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်၍ အောင်မြင်စွာရိတ်သိမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပေါက်ခေါင်းမြို့နယ်၌ ဆောင်းရာသီသီးနှံစိုက်ပျိုးချိန်တွင် ဆီထွက်သီးနှံ ဆောင်းမြေပဲ (၅၇၁၉)ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ လျာထားချက် ပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်ခဲ့ပြီဖြစ်၍ ရာနှုန်းပြည့် အောင်မြင်စွာရိတ်သိမ်းနိုင်ရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး စိုက်နည်းစနစ်မှန်ကန်ရေး၊ အထွက်နှုန်းကောင်းမွန်စေရေး၊ မျိုးကောင်းမျိုးသန့်များရရှိစေရေးနှင့် ရောဂါပိုးမွှာများအန္တရာယ်မှ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကိုလည်း စိုက်ပျိုးရေးဦးစီးဌာနမှ လမ်းညွှန်ပေးလျက်ရှိကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆောင်းမြေပဲကို ဆင်းပဒေသာ (၁၁)၊ တွန်တာနီနှင့် ဗီယက်နမ်မျိုးများကို အဓိကစိုက်ပျိုးကြသည့်အပြင် အခြားမျိုးကွဲများလည်း အများအပြားစိုက်ပျိုးလျက်ရှိရာ တစ်နှစ်ထက်တစ်နှစ် ပိုမိုစိုက်ပျိုးအောင်မြင်နိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးရွာများအထိ ကွင်းဆင်းသွားရောက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)