ပွင့်ဖြူ ဖေဖော်ဝါရီ ၂၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက ပြည်သူများ ငါးစားသုံးမှု ဖူလုံစေရန်နှင့် ငါးသယံဇာတများ ကြွယ်ဝစေရန် ရည်ရွယ်၍ ဖေဖော်ဝါရီ ၂၄ ရက်၊ နံနက် ၈ နာရီက ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်အနီး မုန်းချောင်း သဘာဝရေပြင်အတွင်း ငါးမျိုးစိတ်ကောင်ရေ သုံးသိန်း မျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ငါးမျိုးစိတ်စိုက်ထည့်ပွဲ အခမ်းအနားသို့ ပွင့်ဖြူမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းလင်းအောင်နှင့် အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်စံပယ်လှိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ငါးသားဖောက်စခန်းတာဝန်ခံ ဦးစိုးလှိုင်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊ ဖိတ်ကြားထားသည့် ဒေသခံပြည်သူများနှင့် ရေလုပ်သားများ တက်ရောက်ကြပြီး ငါးသယံဇာတဖူလုံစေရေးအတွက် မုန်းချောင်း သဘာဝရေပြင်အတွင်း နှစ်လက်မအရွယ်ရှိ ငါးမြစ်ချင်း ငါးမျိုးစိတ်ကောင်ရေ သုံးသိန်းအား စုပေါင်းမျိုးစိုက်ထည့်ပေးခဲ့ကြ သည်။
ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက ဒေသတွင်းရှိ ပြည်သူများ ငါးစားသုံးမှု ဖူလုံစေရန်နှင့် ငါးသယံဇာတများ ပေါကြွယ်ဝစေရန်အတွက် တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် နှစ်စဉ် မြို့နယ်အတွင်းရှိ မြစ်/ချောင်းနှင့် ဆည်တမံများ၊ စပါးစိုက်လယ်မြေများအတွင်း ငါးမျိုးစိတ်များ စိုက်ထည့်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည့်အပြင် မြို့နယ်ငါးသားဖောက်စခန်းမှလည်း ဒေသခံရေလုပ်သားများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရန် ရွှေဝါငါးကြင်း၊ ငါးခုံးမကြီး၊ ငါးမြစ်ချင်းစသည့် ငါးမျိုးစိတ်များကို မွေးမြူထုတ်လုပ်ကာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခြင်းနှင့် အခြေခံငါးမွေးမြူရေးဆိုင်ရာ သင်တန်းများကို အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )