မင်းဘူး (စကု) မြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများ ပြင်ဆင်ဆောင်ရွက်နေမှုနှင့် မီးဘေးလုံခြုံရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မင်းဘူး ဖေဖော်ဝါရီ ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၄) ခုဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အဆိုပါစာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုနှင့် မီးဘေးလုံခြုံရေးလုပ်ငန်းများ စစ်ဆေးခြင်းကို ဖေဖော်ဝါရီ ၂၃ ရက် နေ့လယ်ပိုင်းက မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပပြုလုပ်မည့် အ.ထ.က(၁)မင်းဘူး၊ အ.ထ.က(ခွဲ)မြို့မ၊ အ.ထ.က (စကု) နှင့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(စကု)သို့ သွားရောက်၍ အဆိုပါစာစစ်ဌာနများတွင် ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်း ပျော်ရွှင်စွာ ဝင်ရောက်ဖြေဆိုနိုင်ရေး လေဝင်လေထွက်ကောင်းမွန်ပြီး အလင်းရောင် ကောင်းမွန်စွာရရှိသည့် စာဖြေခန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုလုပ်ငန်းများ၊ စာမေးပွဲ ဖြေဆိုကျင်းပနေစဉ်ကာလ ကျောင်းဝင်းအတွင်းနှင့် ကျောင်းအနီးပတ်ဝန်းကျင်ရပ်ကွက်ရှိ လူနေအိမ်များတွင် လူတို့၏ပေါ့ဆမှုကြောင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အနှောက်အယှက် မဖြစ်ပွားစေရန် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုလုပ်ငန်းများ၊ ကျောင်းဝင်းအတွင်းရှိ စာဖြေခန်းများနှင့် စာသင်ကျောင်းဆောင်များ၌ လျှပ်စစ်မီးလိုင်း၊ မီးကြိုးနှင့် မီးခလုပ်များအား စနစ်တကျ သွယ်တန်းတပ်ဆင်ထားရှိရေး၊ အရေးပေါ်မီးသတ် ဆေးဗူးများ အရန်သင့် ချိတ်ဆွဲထားရှိရေး၊ အမြင့်တင်ရေစင်နှင့် ရေစုကန်များ၌ အရေးပေါ်ရေများ အရန်သင့်ဖြည့်တင်းထားရှိရေး၊ အပေါ့စားမီးငြှိမ်းသတ်စက်များ ကြံ့ခိုင်ကောင်းမွန်မှုရှိစေရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရေးစသည့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အ.ထ.က (ခွဲ) မြို့မစာစစ်ဌာနတွင် ရပ်ဝေးမှ လာရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် အ.မ.က (မြောက်ရပ်) ကျောင်းဝင်းအတွင်း ညအိပ်တည်းခိုနေထိုင်ရေးနှင့် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာလုပ်ငန်းများ စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ လုပ်ငန်းလိုအပ်ချက် တင်ပြမှုများအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)