မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် အခမဲ့ဆေးကုသပေးခြင်းနှင့် သွားတုအံကပ်တပ်ဆင်ပေးရန် တိုင်းတာနေမှုအား ကြည့်ရှုအားပေး

မကွေး ဖေဖော်ဝါရီ ၂၃

မကွေးမြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီရရှိစေရေးနှင့် စိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ် လျော့နည်းကျဆင်းစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် အခမဲ့ဆေးကုသပေးခြင်းကို ဖွင့်လှစ်ဆောင်ရွက်ထားရှိရာ ယနေ့နံနက် ၈ နာရီက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား အခမဲ့ဆေးကုသပေးခြင်း၊ သွားတုအံကပ်တပ်ဆင်ရန် တိုင်းတာပေးနေမှုနှင့် အခြေခံစားသောက်ကုန်များအား သက်သာ‌သောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးမြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား တိုင်းပြည်သူ့ဆေးရုံကြီး အထူးကုဆရာဝန်ကြီးများမှ အခမဲ့ဆေးကုသဆောင်ရွက်ပေးနေမှု၊ သွားတုအံကပ်တပ်ဆင်ပေးရန် တိုင်းတာပေးနေမှု၊ အခမဲ့မျက်စိကုသဆောင်ရွက်ပေးနေမှုနှင့် လိုအပ်သည့် ကျန်းမာရေး‌စောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုများအား လှည်လည်ကြည့်ရှု၍ ဆေးဝါးကုသမှုခံယူနေသူ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာဌာနအသီးသီးနှင့်ပေါင်းစပ်ပြီး တိုင်းဒေသကြီးအတွင်း ပြည်သူလူထု အကျိုးရှိမည့် လုပ်ငန်းများကို စဉ်ဆက်မပြတ် ထောင့်စေ့အောင် ကြိုးစားစီမံဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားကာ မကွေးမြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းအငြိမ်းစားများကို အခမဲ့ဆေးဝါးကုသပေးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံ့တာဝန်များကိုကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် (အငြိမ်းစား)များအား ဆေးကုသမှု ကုန်ကျစရိတ်သက်သာစေရန်နှင့် စနစ်တကျဆေးကုသမှုခံယူနိုင်ရန်အတွက် အခမဲ့ဆေးကုသခြင်းအစီစဉ်ကို လစဉ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး အခမဲ့ဆေးကုသမှုအဖြစ် သွားနှင့်ခံတွင်းအထူးကုဆရာဝန်ကြီးများ၊ မျက်စိအထူးကုဆရာဝန်ကြီးများနှင့် အထွေထွေရောဂါကုဆရာဝန်ကြီးများက ဦးဆောင်ကာ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် မကွေးမြို့၊ အမှတ်(၁)နှင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းများသို့သွားရောက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် (Grade- 5)နှင့် (Grade- 9)နှစ်ဆုံးစာမေးပွဲ သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများအလိုက် ဖြေဆိုနေမှုကို ကြည့်ရှုအားပေးကာ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေး အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရှိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)