ပွင့်ဖြူ ဖေဖော်ဝါရီ ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လက်ခုပ်ကျေးရွာအုပ်စု၊ သာစည်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် ဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်လှကြူနွဲ့နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက သာစည်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်တွေ့ဆုံကာ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် အရောင်းအဝယ်လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများနှင့် လအလိုက် ဖြည့်သွင်းရမည့် ငွေစာရင်းဇယားပုံစံများ ပြည့်စုံမှု ရှိ၊ မရှိ အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး စီမံကိန်းလုပ်ငန်းများ အောင်မြင်စေရေးအတွက် ဒုတိယဦးစီးမှူးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာ၌ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၈၀ ဦးကို ငွေကျပ် ၂၉ ဒသမ ၆ သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၂၈ ဦးကို ငွေကျပ် ၉ ဒသမ ၆ သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၄၇ ဦးကို ငွေကျပ် ၁၆ ဒသမ ၄ သန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ ၂ ဦးကို ငွေကျပ် သုည ဒသမ ၇ သန်း၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၁၅၇ ဦးကို ရန်ပုံငွေကျပ် ၅၆ ဒသမ ၃ သန်း ထုတ်ချေးပေးထားပြီး စီမံကိန်းလုပ်ငန်းများကို အောင်မြင်စွာ လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)