မြို့သစ်မြို့နယ်တွင် အခြေခံအင်္ဂလိပ်စာသင်တန်း (အခမဲ့)ဖွင့်လှစ်မည်

မြို့သစ် ဖေဖော်ဝါရီ ၂၃

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်း ပိတ်ရက်ကာလများ၌ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အင်္ဂလိပ်စာအခြေခံဝေါဟာရများကို ကောင်းစွာနားလည်သိရှိစေရန်အတွက် အခြေခံအင်္ဂလိပ်စာသင်တန်းကို မတ်လ ၁ ရက်နေ့မှစတင်၍  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ အခမဲ့ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါအခြေခံအင်္ဂလိပ်စာသင်တန်းတွင် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့ဝင် ဆရာဦးဌေးလွင်က သင်တန်းနည်းပြအဖြစ် ဆောင်ရွက်ကာအခြေခံပညာအလယ်တန်းအဆင့် Grade-6 မှ Grade-9 အထိ   ကျောင်းသားကျောင်းသူများကို မတ်လ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ တစ်ပတ်လျှင် (၃)ရက် (တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး)နေ့များတွင် ညနေ ၅ နာရီမှ ၆ နာရီအထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)