ဟားခါး ဇန်နဝါရီ ၁၀
ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်တွင် ယမန်နေ့ည ၁၁ နာရီ မိနစ် ၂၀ အချိန်က သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း (၂) ထပ် နေအိမ် အိပ်ခန်းအတွင်း လျှပ်စစ်အပူပေးစက် (Electronic Heater) သုံးစွဲရာမှ အပူလွန်ကဲပြီး မီးလောင်မှု စတင်ဖြစ်ပွားခဲ့ရာမှ နေအိမ်ကပ်လျက်ရှိသည့် လူနေအိမ် (၂) လုံး ထပ်မံမီးကူးစက် မီးလောင်မှုဖြစ်ပွားခဲ့၍ အိမ်ငှားဖြစ်သူ အမျိုးသားတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ခြင်းကြောင့် မီးဘေးသင့်အိမ်ထောင်စုများအား ယနေ့ နံနက် ၈ နာရီခွဲအချိန်က ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုး၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်ဥပဒေချုပ် ဦးဆန်နီထန်ကျုံး၊ ဟားခါးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့်အတူ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်သို့ သွားရောက်၍ ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ခြင်းတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးမှ သေဆုံးသူ၏ ကျန်ရစ်သူမိသားစုဝင်များ အတွက် ထောက်ပံ့ငွေကျပ်(၃)သိန်း၊ မီးဘေးသင့်အိမ်ထောင်စု (၃)စုအတွက် အိမ်ထောင်စု (၁) စုလျှင် ထောက်ပံ့ငွေကျပ် (၃) သိန်းနှုန်းဖြင့် ထောက်ပံ့ငွေကျပ်စုစုပေါင်း (၁၂) သိန်း ၊ ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သေဆုံးသူ၏ ကျန်ရစ်သူမိသားစုဝင်များအတွက် ထောက်ပံ့ငွေကျပ် (၃) သိန်း၊ မီးဘေးသင့် အိမ်ထောင်စု (၃)စုအတွက် အိမ်ထောင်စု (၁) စုလျှင် ထောက်ပံ့ငွေကျပ် (၂) သိန်းနှုန်းဖြင့် လည်းကောင်း၊ ဆန်ရိက္ခာအတွက် ငွေကျပ် (၂၁၀၀၀) ထောက်ပံ့ငွေကျပ် စုစုပေါင်း (၉၂၁၀၀၀) နှင့် မီးဘေးသင့် အိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)