ပုသိမ် ဖေဖော်ဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ARCCIရုံး (၆) ထပ် အဆောက်အဦး မင်္ဂလာပိုင်တိုင်ရိုက်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြကျွန်းသာအိမ်ယာဝန်းအတွင်းရှိ အဆိုပါအဆောက်အဦ ဆောက်လုပ်မည့်မြေနေရာတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ မင်္ဂလာအချိန်ရောက်ရှိသည်နှင့်တစ်ပြိုင်နက် ပန္နက် (၉)ချက်ရိုက်၍ တိုင်စိုက်ခြင်းမင်္ဂလာပြုလုပ်ခဲ့ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်တွင်ပြုလုပ်သည့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (MCEF)နှင့် ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့သည် (ARCCI) ရုံးဆောက်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းအပ်နှံသည့် သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ(MOU)လက်မှတ်ရေးထိုးခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီး၏ စီးပွားရေးလုပ်ငန်းများကို ဦးဆောင်မောင်နှင်ပေးမည့် ဧရာဝတီတိုင်းဒေသကြီး ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များအသင်း ARCCI ရုံးအား စတင်ဆောက်လုပ်ရန် ယနေ့တွင် မင်္ဂလာပိုင်တိုင်စိုက်ထူနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (ARCCI)သည် တိုင်းဒေသကြီး၏ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန် အင်တိုက်အားတိုက်ဖြင့် အသင်းအဖွဲ့များစုစည်း၍ တက်ညီလက်ညီ ဆောင်ရွက်နေသည့် အသင်းအဖွဲ့လည်းဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီးအတွက် မလွဲမသွေလိုအပ်နေသည့် အသင်းအဖွဲ့လည်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လုပ်ငန်းရှင်များ၊ အဆင်ပြေချောမွေ့စွာလုပ်ကိုင်နိုင်ရန် ဥပဒေစည်းမျဉ်းများနှင့်အညီ လိုအပ်သည့် အထောက်အပံ့များပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် အစိုးရနှင့်ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု (Public Private Partnership) ပုံစံများကို အားပေးထောက်ခံသွားမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် အကျိုးရှိမည့်စီမံကိန်းများကို ပူးပေါင်းအကောင်အထည်ဖော်နိုင်ရေး ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း၊ ယနေ့လက်မှတ်ရေးထိုးလိုက်သော MOU သည် စာချုပ်တစ်စောင်သာမက အဖွဲ့အစည်းနှစ်ဖက်အကြားယုံကြည်မှုကို အခြေခံထားသည့် ရေရှည်ပူးပေါင်းဆောင်ရွက်မည့် မိတ်ဖက်ဆက်ဆံရေး၏အစပြုခြင်းဖြစ်ပါကြောင်း အမှာစကားပြောကြားပြီးနောက် တာဝန်ရှိသူတစ်ဦးက အလှူငွေများပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တွဲဖက်အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ၊ ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌတို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကာ တာဝန်ရှိသူတစ်ဦးကတိုင်းဒေသကြီးဝန်ကြီးချုပ်အား အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်တို့ အမှတ်တရလက်ဆောင်ပစ္စည်း လဲလှယ်ခဲ့ကြကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)