တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး (၃၀) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားသို့ တက်ရောက်

ထားဝယ် ဖေဖော်ဝါရီ ၂၂

ဖေဖော်ဝါရီ (၅) ရက်နေ့နှင့် (၆) ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီး/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားသူကြီးများ/ ခရိုင်တရားသူကြီးများ၏ (၃၀) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်ရုံး၌ Video Confrence ဖြင့် ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၏ လမ်းညွှန်မှာကြားချက်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၏ တရားစီရင်ရေးရာဆွေးနွေးမှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းမှာကြားပြီး အမှုများကို မှန်မှန်နှင့် မြန်မြန်စစ်ဆေးစီရင်ပြီး သက်သေခံပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး သက်သေခံပစ္စည်းစီမံခန့်ခွဲတဲ့အမိန့်များ အချိန်နှင့်တပြေးညီ ချမှတ်ပြီး အမြန်ဆုံးစီမံခန့်ခွဲနိုင်ရေးဆောင်ရွက်သွားရန်၊ ပြည်သူယုံကြည်ကိုးစားသည့် တရားစီရင်ရေးစနစ် ဖြစ်ပေါ်ရန် တရားသူကြီးများ၊ တရားရေးအရာရှိများက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ဒေါ်အေးအေးသန်းနှင့် ဒေါ်ရင်ရင်သန်းတို့က မိမိတို့၏ တရားစီရင်ရေးအတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးမှာကြားပြီး တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးလွန်းဘော်က အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများက မှာကြားခဲ့သော စီမံခန့်ခွဲရေးရာ၊ တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များကို ထပ်ဆင့်ရှင်းလင်းမှာကြားခဲ့ပါသည်။

ဆက်လက်၍အိန္ဒိယနိုင်ငံ ဘိုပါးမြို့ အမျိုးသားတရားစီရင်ရေးအကယ်ဒမီတွင် ဖွင့်လှစ်ခဲ့သော တရားသူကြီးများနှင့် တရားရေးအရာရှိများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (အဌမအကြိမ်) သို့ တက်ရောက်ခဲ့သည် သင်တန်းသူ ထားဝယ်ခရိုင် တရားရုံးဒုတိယခရိုင်တရားသူကြီး ဒေါ်ထိပ်ထားလေးက သင်တန်းအတွေ့အကြုံများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)