မြို့သစ် ဖေဖော်ဝါရီ ၂၂
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ တောင်သူများသည် ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် နွေစပါးစိုက်ပျိုးရန် စိုက်ပျိုးရေရရှိသဖြင့် စတင်ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
“ကျွန်တော်က တောင်သူဦးလှမြင့်ကြည်ပါ။ ဆည်ကနေ ရေရရှိပြီဖြစ်တဲ့အတွက် နွေစပါးကို တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးရန်အတွက် ထယ်ရေးပြင်ဆင်နေပါပြီ။ ကျွန်တော့်လယ်က ကွင်းအမှတ် ၁၃၀၂၊ ဈေးရပ်ကွင်း၊ ဦးပိုင်အမှတ် ၂၊ နတ်မောက်ဆည်ရေသောက်ပါ။ နွေစပါးဆိုတော့ သက်တမ်းတိုစပါးမျိုးဖြစ်တဲ့ အောင်နိုင်တိုးစပါးမျိုးစိုက်မှာပါ။ စိုက်မယ့် လယ်ဧက ၅ ဧက ရှိပါတယ်။ လေး၊ ငါးလနေရင်တော့ ရိတ်သိမ်းရမှာပါ” ဟုပြောကြားခဲ့သည်။
မြို့သစ်မြို့နယ်အတွင်းရှိ တောင်သူများနွေစပါးနှင့် နွေသီးနှံစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ နတ်မောက်ဆည်၊ ပုလင်းဆည်၊ စွန်ဆည်နှင့် ဆဒ္ဒန်ဆည်တို့မှ ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်၍ စိုက်ပျိုးရေပေးဝေလျက်ရှိပြီး နွေစပါးလျာထားဧက (၅၇၈၄)ဧကနှင့် နွေနှမ်းလျာထားဧက (၄၀၉၂ )ဧက၊ စုစုပေါင်း (၉၈၇၆) ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)