ပဲခူး ဖေဖော်ဝါရီ ၂၂
ပဲခူးမြို့တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အားကစားကဏ္ဍဖွံ့ဖြိုးပြီး နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ နွေရာသီ အခြေခံအားကစားနည်း (၉)မျိုးကို အခမဲ့သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းအား မတ်လ ၃ ရက်နေ့မှ မတ်လ ၃ဝ ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်းတွင် ဘောလုံး၊ တိုင်းဒေသကြီးလူငယ်စင်တာခန်းမနှင့် တိုင်းအားကစားခန်းမတွင် အေရိုးဗစ်၊ Fitness Dance၊ ကာရာတေး၊ လက်ဝှေ့၊ ဘတ်စကက်ဘော၊ ကြက်တောင်၊ ပုဏ္ဏားစုကျောင်းတွင် မြန်မာ့သိုင်း၊ ဟင်္သာတင်းနစ်ကွင်းတွင် တင်းနစ် စသည့်အားကစားနည်းများကို သက်ဆိုင်ရာနည်းပြဆရာများဖြင့် စနစ်တကျ လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)