ကျိုက်လတ်မြို့နယ်၌ စပါး မျိုးကောင်း၊ မျိုးသန့် မျိုးစေ့ထုတ်လုပ်ခြင်းသင်တန်း အမှတ်စဉ် (၃/၂၀၂၆) ဖွင့်ပွဲ ကျင်းပ

ကျိုက်လတ် ဖေဖော်ဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မြသီးနှံမျိုးစေ့ရောင်းဝယ်ရေးခန်းမတွင် ဖေဖော်ဝါရီလ (၂၀)ရက်နေ့ နေ့လယ်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲနှင့် မြန်မာနိုင်ငံ မျိုးစေ့အသင်းတို့ ပူးပေါင်းဆောင်ရွက်သည့် စပါးမျိုးကောင်း မျိုးသန့်မျိုးစေ့ထုတ်လုပ်ခြင်းသင်တန်း အမှတ်စဉ် (၃/၂၀၂၆) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ဒုတိယတိုင်းဦးစီးမှူး ဦးထွန်းမြမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မျိုးစေ့ဌာနခွဲ(ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာယုမွန်၊ မြန်မာ့ဆန်စပါးသုတေသနဌာန(မှော်ဘီ) မှ ဦးစီးအရာရှိ ဒေါ်ဌေးဌေးမြင့်နှင့် တိုင်းမျိုးစေ့တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငြိမ်းငြိမ်းတိုးတို့မှ စပါးမျိုးစေ့ထုတ်လုပ်ရေးနှင့်ပတ်သက်သော သဘောတရားများနှင့် အတွေ့အကြုံများအား ဝိုင်းဝန်းဆွေးနွေးခဲ့ပြီး မျိုးစေ့ထုတ်တောင်သူများမှ ကြုံတွေ့ရသော အခက်အခဲများအား ပြန်လှန်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တောင်သူဦးအေးသန်း၏ မျိုးစေ့အခြောက်ခံစက်နှင့် သန့်စင်စက်၊ ခေါင်နှံဖြင့် ပျိုးထောင်စိုက်ပျိုးထားသော စပါးမျိုးသန့်စိုက်ခင်းတို့အား လေ့လာခဲ့ကြကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့ ကျိုက်လတ်၊ ဓနုဖြူ၊ ဘိုကလေး၊ ဆားမလောက်၊ မော်ကျွန်း၊ ဒေးဒရဲ၊ ဖျာပုံမြို့တို့မှ မျိုးစေ့ထုတ်တောင်သူ (၃၁)ဦးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်