ဖြူးမြို့နယ်ရှိ စိုက်ပျိုးရေး​ဆေးဆိုင်များအား တရားမဝင်ပိုးသတ်ဆေးများ စစ်ဆေး၍ ငါးဖမ်းရာတွင် အသုံးပြုသည့် ဆေးများ စိစစ်ရောင်းချရေးအသိပေး

ဖြူး ဖေဖော်ဝါရီ ၂၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးဆေးဆိုင်များအား ​ တရားမဝင်ပိုးသတ်ဆေးများရောင်းချမှု ရှိ/မရှိစစ်ဆေး၍ ငါးဖမ်းရာတွင် အသုံးပြုသည့်ဆေးများ စိစစ်ရောင်းချရေးအသိပေးခြင်းကို ယမန်နေ့ နံနက် (၉) နာရီအချိန်က စတင်ကာ မြို့နယ်အဆင့်သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများသည် ကွင်းဆင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စိုက်ပျိုးရေး​ဆေးဆိုင် (၁၉) ဆိုင်အား တရားမဝင်ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ ရောင်းချခြင်းမပြုဘဲ မြန်မာစာအညွှန်းစာဖြင့် တရားဝင်ဆေးများကိုသာ ရောင်းချဖြန့်ဖြူးသွားရန်၊ ပိုးသတ်ဆေးလိုင်စင် သက်တမ်းကုန်ဆုံးနေသည့် ဆိုင်များကို သက်တမ်းတိုး၍ ဆက်လက်ရောင်းချရန် စစ်ဆေးခြင်းနှင့် စိုက်ပျိုးရေးသုံး ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများဖြစ်သည့် အင်ဒိုစတား၊ Mic Chong Bao၊ ဂေါ်ဇီလာဆေးများအား ဝယ်ယူ၍ ငါးဖမ်းရာတွင် အသုံးမပြုကြရေးစိစစ်၍ ပစ္စည်းအဝင်အထွက် မှတ်တမ်းရေးသွင်းရောင်းချရန်တို့အား သတိပေးမှာကြားခဲ့ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)