ကဝ ဖေဖော်ဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မီးသတ်ဦးစီးဌာနမှ နွေရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပေးနှိုးဆော်ခြင်း၊ တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ စက်ရုံ၊ အလုပ်ရုံများ၊ စက်သုံးဆီဆိုင်များ လိုက်လံစစ်ဆေးခြင်းနှင့် ကဝမြို့နယ်စည်ပင်သာယာဈေးကြီးအတွင်း လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီက ဆောင်ရွက်လျက်ရှိသည်။
ထိုသို့မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံနှိုးဆော်ရာတွင် ယခုအချိန်သည် နွေရာသီရောက်ရှိပြီဖြစ်သည့်အတွက် မီးကို ပေါ့ဆစွာ အသုံးပြုသူတစ်ဦးတစ်ယောက်၏ ပေါ့ဆမှုကြောင့် မီးဘေးအန္တရာယ်ဆိုးနှင့် မကြုံတွေ့ရလေအောင် မီးသတ်တပ်ဖွဲ့ဥပဒေ ပုဒ်မ ၁၆(က)အရ ထုတ်ပြန်ထားသော မီးဘေးသတိမူရေးနှိုးဆော်ချက်များအား လိုက်နာဆောင်ရွက်ကြပါရန်နှင့် ရုံးဌာနအဆောက်အဦးများနှင့် အိမ်တိုင်းတွင် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများပြုလုပ်ထားရှိရန်၊ အိမ်တိုင်းအိမ်တိုင်းတွင် ရေအိုး၊ ရေကန်၊ ရေပီပါများ၊ ရေအပြည့်ထားရှိရန်၊ မီးဖိုနှင့် ထရံကြားတွင် မီးမလောင်နိုင်သောပစ္စည်း သွပ်ပြား၊ သံပြားများ ကာရံထားရန်၊ မီးဖိုနှင့် အမိုးအား အနည်းဆုံး (၅) ပေအကွာတွင်သာ ထားရှိရန်၊ ဟောင်းနွမ်ဆွေးမြေ့နေသော လျှပ်စစ်ဝါယာကြိုးများအား အသုံးမပြုကြရန် စသည်အချက်များအား မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းသူဦးဆောင်သော အင်အား (၆) ဦးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ရုံးမှဝန်ထမ်းများက လိုက်လံနှိုးဆော်ခဲ့ပြီး တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ မီးဘေးအန္တရာယ်စိုးရိမ်ရသော လုပ်ငန်းများအား စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)