ပေါက်ခေါင်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ပေါက်ခေါင်း ဖေဖော်ဝါရီ ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား မြို့နယ်ပြည်သူ့ဆေးရုံ၊ သံဃာဆောင်၌ ယမန်နေ့နံနက် ၉ နာရီအချိန်မှစ၍ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်မျိုးမြတ်ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ဆီးချို၊ သွေးချို စစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်တိုင်းပေးခြင်း၊ ECG စက်ဖြင့် နှလုံးခုန်နှုန်းစစ်ဆေးပေးခြင်း၊ ​ရောဂါရှာဖွေပေးခြင်း၊ အထွေထွေရောဂါများစစ်ဆေးပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းနှင့် စနစ်တကျကုသပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး ရောဂါတွေ့ရှိမှုအပေါ် ဆေးဝါးများကို တစ်လစာ အခမဲ့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းလုပ်ငန်းများကို ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ လစဉ် (၂၁)ရက်နေ့မှစ၍ အခမဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဖုန်းကျော်ဇင် (ပြန်/ဆက်)