ဟားခါး ဇန်နဝါရီ ၁၀
ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်တွင် လျှပ်စစ်အပူပေးစက် (Electronic Heater) သုံးစွဲရာမှ အပူလွန်ကဲပြီး ယမန်နေ့ ည ၁၁ နာရီ မိနစ် ၂၀ အချိန်ခန့်က လူနေအိမ (၃) လုံး မီးလောင်မှုဖြစ်ပွား၍ လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်ရှိ သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း (၂) ထပ် နေအိမ် အိပ်ခန်းအတွင်း လျှပ်စစ် အပူပေးစက် (Electronic Heater) သုံးစွဲရာမှ အပူလွန်ကဲပြီး မီးလောင်မှု စတင်ဖြစ်ပွားခဲ့ရာမှ နေအိမ်ကပ်လျက် ရှိသည့် လူနေအိမ် (၂) လုံးသို့ ထပ်မံမီးကူးစက် လောင်ကျွမ်းခဲ့သည်။ မီးလောင်မှုတွင် အိမ်ငှားနေထိုင်သူ အမျိုးသား တစ်ဦးသေဆုံးခဲ့သဖြင့် ခရိုင်မီးသတ်စခန်းမှ လူနာတင်ယာဉ်ဖြင့် ဟားခါးပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ ချင်းပြည်နယ်မီးသတ်ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းနိုင်၊ ခရိုင် မီးသတ်ဦးစီးမှူး ဦးသန်းထွေး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသျှန်နွန်မောင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများပူးပေါင်း၍ မြို့နယ်မီးငြှိမ်းသတ်ယာဉ် (၂) စီး၊ မီးသတ် ရေသယ် ယာဉ် (၁) စီး၊ ခရိုင်မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ မီးသတ်ရေသယ်ယာဉ် (၁) စီး၊ လူနာတင်ယာဉ် (၁) စီး၊ အုပ်ချုပ်မှုယာဉ် (၁) စီး၊ ပြည်နယ်အုပ်ချုပ်မှုယာဉ် (၁)စီး၊ စုစုပေါင်း (၈) စီး အသုံးပြု၍ မီးငြှိမ်း သတ်ပေးခဲ့ကြောင်း၊ မီးလောင်မှုကြောင့် လူတစ်ဦးသေဆုံးခဲ့ကြောင်း၊ မီးဘေးဒုက္ခသည် မိသားစုဝင်(၆)ဦးအား နီးစပ်ရာဆွေမျိုးများ နေအိမ်သို့ နေရာချထားပေးခဲ့ကြောင်း ဟားခါးမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးသျှန်နွန်မောင်ထံမှ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)