တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ကော့သောင်းမြို့ရှိ မွေးမြူရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ကော့သောင်း ဖေဖော်ဝါရီ ၂၁

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် တိုင်းဒေသကြီးဝန်ကြီးများ ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့ (၇)မိုင်ရွှေပြည်စိုးကျေးရွာအုပ်စု သောင်ဖြူကျေးရွာရှိ တိုးတက်အောင် ‌ရေငန်ပုစွန်မွေး‌မြူထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်၏ ကြက်မွေးမြူရေးလုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ  သွားရောက်ကြည့်ရှုသည်။

ထိုသို့သွားရောက်ကြည့်ရှုရာတွင် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်  ကော့သောင်း‌မြို့နေ ပြည်သူများအတွက် ဒေသတွင်းစားသုံးမှုဖူလုံနိုင်ရေးအတွက် ဥစားကြက်စနစ်တကျ မွေးမြူရေးဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းရမည့် ကြက်ဥများအား အရွယ်အစားအလိုက်စိစစ်ရွေးချယ်ခြင်း ဆောင်ရွက်နေမှုများ၊ ကြက်မွေး‌မြူရေးလုပ်ငန်းမှ ထွက်ပေါ်လာသည့် မစင်များအလေအလွှင့်မရှိစေရေး Bio Gass ဓာတ်ငွေ့ ထုတ်လုပ်၍ မွေးမြူရေးလုပ်ငန်းအတွက်လိုအပ်သည့် လျှပ်စစ်နှင့်သဘာဝမြေဩဇာများ ပြန်လည်ရရှိရေး ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှုကာ လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်ဆောက်လုပ်ရေးဝန်ကြီးဌာန၊လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့(တနင်္သာရီတိုင်းဒေသကြီး)မှ လုပ်ငန်းခွင့်ပြုရန်ပုံငွေကျပ် (၃၄၁.၀၀၀)သန်းဖြင့် ဆောင်ရွက်လျက်ရှိသော ကော့သောင်းမြို့နယ် ရွှေပြည်စိုးကျေးရွာမှ သောင်ဖြူ-ချောင်းစလန်း-ရေငန်းရှိုင်-ယမုံနာ ကျေးရွာသွားလမ်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းအားကြည့်ရှု၍ လိုအပ်သည်များမှာကြားသည်။ ဆက်လက်၍ ကော့သောင်းမြို့ အောင်သုခရပ်ကွက်ရှိ ခရိုင်နှင့် မြို့နယ်ဥပဒေရုံးသစ် အလျား ပေ၆၀၊ အနံ ပေ၃၀ RC သုံးထပ်အဆောက်ဦိ အပြီးသတ်ဆောင်ရွက်ပြီးစီးမှုလုပ်ငန်း အခြေအနေများသွားရောက်ကြည့်ရှု၍ ဥပဒေရုံးသစ်ဖွင့်လှစ် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)