ကြံခင်း ဖေဖော်ဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသအစိုးရအဖွဲ့ဝန်ကြီးများနှင့် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့နှင့်အတူ ကြံခင်းမြို့၊ မြို့မရပ်ကွက်နှင့် ရွာသစ်ရပ်ကွက်တို့တွင် ဆောင်းနေကြာအောင်မြင်ဖြစ်ထွန်းနေမှုများအား ယနေ့မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုအားပေးကြသည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများသည် မြို့မရပ်ကွက်၊ နန်းဦးဆိပ်အနီး ကွင်းအမှတ် ၁၈၉၆၊ ၅(က) တောင်သူ ဦးထွန်းလင်းပါ တောင်သူ ၂၀ ဦး စိုက်ပျိုးထားသည့် Suppersun-41 ဆောင်းနေကြာစိုက်ခင်း ၅၁ ဧကသို့ ရောက်ရှိပြီး တောင်သူ များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ နေကြာအပြင်၊ ပဲပုတ်တို့ကို စိုက်ပျိုး၍ ပြည်တွင်းဆီဖူလုံစေရေးကို တောင်သူများအနေဖြင့် ကြိုးစားစိုက်ပျိုးသွားကြရန်၊ အခြားသီးနှံများကို စိုက်ပျိုးသွားရန် ပြောကြား သည်။ ထို့နောက် နေကြာခင်းအတွင်း နေကြာ အပွင့်အဆံများအောင်မြင်ဖြစ်ထွန်းမှုကို ကြည့်ရှုကြပြီး၊ ရွာသစ်ရပ်ကွက်၊ ကွင်းအမှတ် ၁၈၉၆၊ ၅(ခ)ရှိ တောင်သူ ဦးအောင်သန်း ပါတောင်သူ(၂၀)ဦး၏ ၃၀ ဧက ဆင်းရွှေကြာ-၂ နေကြာစိုက်ခင်းစိုက်ပျိုးထားရှိမှု အခြေအနေများအား ကြည့်ရူစစ်ဆေးကြာကာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တို့က ကြံခင်းမြို့နယ်အတွင်း နေကြာနှင့် အခြားသီးနှံများ စိုက်ပျိုး ထားရှိမှုအားတင်ပြကြရာ ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဖြိုးဝေလင်း