ဖောင်းပြင်မြို့၊ တောင်ဖီလာကျောင်းတိုက်ရှိ မဟာမုနိဘုရားကြီး၏ (၁၃၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပ

ဖောင်းပြင် ဖေဖော်ဝါရီ ၁

ဖောင်းပြင်မြို့၊ တောင်ဖီလာကျောင်းတိုက်ရှိ မဟာမုနိဘုရားကြီး၏ (၁၃၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်တော်လောင်းလှူပွဲနှင့် သံဃာတော်အရှင်သူမြတ်တို့အား စာရေးတံမဲများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ကြောင်းသိရသည်။

လောင်းလှူပူဇော်ပွဲတွင် သံဃာတော်အရှင်သူမြတ်များနှင့် ရဟန်း၊ သာမဏေအပါး (၂၁၇) ပါး တို့အား အလှူရှင်များက ဆွမ်းဆန်၊ နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများကို လောင်းလှူပူဇော်ကြပြီး သံဃာတော်အရှင်သူမြတ်များနှင့် ရဟန်း၊ သာမဏေတို့က မြို့တွင်းသို့ လှည့်လည်၍ အလှူခံကြွချီတော်မူကြသည်။ ဆက်လက်၍ စာရေးတံမဲအတွက် သီးခြားအလှူရှင်များ၏ လှူဒါန်းငွေကျပ် ၆၃၇၀၀၀၀ကို သံဃာတော် ၈၈ ပါးတို့အား စာရေးတံမဲများ ဆက်ကပ် လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အား တောင်ဖီလာ ကျောင်းတိုက်၊ ဓမ္မာရုံ၌ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

တောင်ဖီလာကျောင်းတိုက်၊ မဟာမုနိဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်တော်လောင်းလှူပွဲကို နှစ်စဉ်တပို့တွဲလပြည့်နေ့တိုင်း ကျင်းပလျက်ရှိပြီး ဆွမ်းဆန်တော်များနှင့် စာရေးတံမဲများဆက်ကပ်လှူဒါန်းရာတွင် ရပ်ဝေးရပ်နီးမှ အလှူရှင်များက စည်ကားသိုက်မြိုက်စွာ လာရောက်လောင်းလှူပူဇော်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)