ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး (စတုတ္ထအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ဟားခါး ဖေဖော်ဝါရီ ၁၉

(၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး (စတုတ္ထအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်း ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။                    

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားများကျင်းပနိုင်ရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများအနေဖြင့် မိမိတို့ကဏ္ဍအလိုက် အကောင်းဆုံးဆောင်ရွက်ကြစေလိုကြောင်း၊ လုပ်ငန်းကော်မတီဝင် ဌာနဆိုင်ရာအားလုံးက လျှို့ဝှက်အဆင့်သတ်မှတ်ထားသည့်ကိစ္စမှအပ အစီအစဉ်အားလုံးကို အလွတ်နီးပါးရအောင် ကြိုးစား ကြစေလိုကြောင်း၊ ထို့အပြင် လုပ်ငန်းကော်မတီများအနေဖြင့် မိမိတို့ကဏ္ဍအလိုက် ကြိုတင် ဇာတ်တိုက်ခြင်း (rehearsal) ဆောင်ရွက်ကြစေလိုကြောင်း၊ ထိုသို့ဆောင်ရွက်ပါက (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို အစီအစဉ်တစ်ခုချင်းစီအလိုက် အချိတ်အဆက်မိမိ အောင်အောင် မြင်မြင် စည်စည်ကားကား ကျင်းပနိုင်မည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် ပြည်နယ်လူမှုရေးရာဝန်ကြီး ကွပ်ကဲမှုအောက်ရှိ ပြည်နယ်အဆင့် ဌာနဆိုင်ရာများက (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ဆောင်ရွက်ပြီးစီးမှု၊ ပြခန်းများ ဆောင်ရွက်ထားရှိမှုနှင့် တင်ပြလိုသည့်အချက်များကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ခေတ္တတိုင်းရင်းသားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်းနှင့် ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဦးနေလင်းအောင်တို့က လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)