ဝိုင်းမော်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ ဆန္ဒမဲပေးခွင့် မရှုံးဆုံးစေရေးအတွက် ကွင်းဆင်းဆောင်ရွက်

ဝိုင်းမော်    ဩဂုတ်  ၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုင်ဝင်ဘာလ (၈)ရက် နေ့တွင်ကျင်းမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးပိုင်ခွင့် မရှုံးဆုံးစေရေးအတွက်  မဲဆန္ဒရှင်စာရင်းများကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ (၂၅) ရက်နေ့မှ ဩဂုတ်လ (၇) ရက်နေ့ထိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ပထမအကြိမ် ကပ်ထား ကြေညာထားရှိမှု အခြေအနေများကို ယမန်နေ့ နံနက်(၁၀)နာရီက ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးပြီး ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသန်းဆွေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြည်ထွန်းနှင့် အဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ မဒိန်ကျေးရွာ၊ နန့်ဝါကျေးရွာ၊ ဝူယန်ကျေးရွာ၊ ဝါရှာင်ကျေးရွာနှင့် ဒိန်ဂျန်ယန်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ အဆိုပါ ရွေးကောက်ပွဲကြီးအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်  ဆန္ဒမဲစာရင်း ကြေညာထားရှိမှုတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများအားလုံး မဲပေးခွင့်ရရှိရေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ အားလုံး ပူးပေါင်း၍ကြိုးပမ်းဆောင်ရွက်ရေး၊ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်သည့် မဲစာရင်း ဖြစ်စေရေး၊ သတ်မှတ်ထားသည့်ပုံစံအတိုင်း စနစ်တကျ ရေးသွင်းဆောင်ရွက်ရန်နှင့် ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက် ရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

ဝိုင်းမော်မြို့နယ်အတွင်း မြို့ပေါ်(၁၃)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၆)ရွာရှိပြီး မဲရုံပေါင်း (၅၄)   ရုံတွင် မဲပေးပိုင်ခွင့် ရှိသူ ကျား (၃၉၉၆၄) ဦး၊ မ (၄၂၈၇၃) ဦး စုစုပေါင်းမဲပေးပိုင်ခွင့်ရှိသူ ဦးရေ(၈၂၈၃၇) ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရှိရသည်။

ဆောင်းလေး(ပြန်/ဆက်)