ဘိုကလေးမြို့နယ်တွင် ရှေးဦးပြုစုခြင်း အခြေခံသင်တန်း၊ သာမန်သင်တန်းနှင့် ကျောင်းအခြေပြု ဘေးအန္တရာယ်လျော့ပါးရေး သင်တန်းဆင်းပွဲကျင်းပ

ဘိုကလေး ဖေဖော်ဝါရီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ချိုကြည်သာသနာ့ဗိမာန်တွင် ယနေ့ မွန်းလွဲ (၂)နာရီခွဲအချိန်က ဘိုကလေးမြို့နယ် ကြက်ခြေနီအသင်းခွဲ၏ ရှေးဦးပြုစုခြင်းအခြေခံသင်တန်း၊ သာမန်သင်တန်းနှင့် ကျောင်းအခြေပြု ဘေးအန္တရာယ်လျော့ပါးရေးသင်တန်းဆင်းပွဲများ ကျင်းပဆောင်ရွက်သည်။

သင်တန်းဆင်းပွဲသို့ ဖျာပုံခရိုင်၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ဒုခရိုင်တပ်ဖွဲ့မှူး ဦးသက်နိုင်၊ ဘိုကလေးမြို့နယ်၊ ကြက်ခြေနီအသင်းခွဲမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများ အင်အား(၂၀၀)ခန့်တက်ရောက်ကြပြီး သင်တန်းဆင်းပွဲတွင် ဘိုကလေးမြို့နယ် ကြက်ခြေနီအသင်းခွဲ ဒုဥက္ကဋ္ဌ ဦးအုန်းကြိုင်က ကြက်ခြေနီစေတနာ့လုပ်အားရှင်များအနေဖြင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လူမှုကရုဏာလုပ်ငန်းများတွင် တက်ကြွစွာ ကူညီဆောင်ရွက်ပေးနေသည်ကို တွေ့မြင်ရသည့်အတွက် အသင်းအနေဖြင့် ဂုဏ်ယူမိပါကြောင်း၊ အဆိုပါကူညီရေးလုပ်ငန်းများတွင် လူငယ်များ၏ကဏ္ဍများသည် များစွာအရေးပါသဖြင့် လူငယ်ကြက်ခြေနီစေတနာ့လုပ်အားရှင်များ တိုးပွားရေး ရပ်ကွက်/ကျေးရွာများ၊ စာသင်ကျောင်းများတွင် စည်းရုံးမှုများဆောင်ရွက်ရန် လိုအပ်ပါကြောင်း အမှာစကားပြောကြားပြီး ဖျာပုံခရိုင်၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ဒုခရိုင်တပ်ဖွဲ့မှူး ဦးသက်နိုင်က သင်တန်းဆင်းပွဲကျင်းပရခြင်းနှင့် ပတ်သက်သည်များအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မန္တလေးငလျင်ကြီးအပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် ဘိုကလေးမြို့နယ်မှ သွားရောက်ပါဝင်ကူညီဆောင်ရွက်ခဲ့သည့် ကြက်ခြေနီစေတနာ့လုပ်အားရှင်များ၊ ဘိုကလေးမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် (၂၀၂၅)ခုနှစ်အတွင်း ဖွင့်လှစ်ခဲ့သည့် ရှေးဦးပြုစုခြင်းအခြေခံသင်တန်း၊ အမှတ်စဉ်(၄/၂၅)၊ (၅/၂၅)၊ ရှေးဦးပြုစုခြင်းသာမာန်သင်တန်းတွင် ထူးချွန်ခဲ့သူများအား ဘိုကလေးမြို့နယ် ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများက ဂုဏ်ပြုဆုများချီးမြှင့်ခြင်း၊ ကျောင်းအခြေပြု ဘေးအန္တရာယ်လျော့ပါးရေးသင်တန်း တက်ရောက်ခဲ့ကြသူများအား သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ခြင်းတို့ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုးစက် (ဘိုကလေး)